ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်က စစ်ဘေးရှောင်ပြည်သူတွေကို သွားကြိုပေးတဲ့ လူငယ် ၂ ဦး ရေနစ်ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၂၄ ရက်မှာ ပလက်ဝမြို့ပေါ် စစ်ဘေးရှောင်တွေကို သွားကြိုတဲ့လမ်းပေါ်က အထက်ဘလိုင်ရွာမှာ ခရီးတထောက်နားစဉ် ချောင်းမှာ ရေဆင်းချိုးရင်း ရေထဲမျောပါသွားတာလို့ သိရပါတယ်။
ပျောက်ဆုံးတဲ့လူငယ်တွေက အသက် ၁၆ နှစ်အရွယ် Beipathai နဲ့ Chhua Chuua တို့ ဖြစ်ကြပြီး ပလက်ဝမြို့နယ် ပိုက်တေကျေးရွာမှာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။
ပလက်ဝဒေသခံတဦးက “ပလက်ဝမြို့ပေါ်က စစ်ဘေးရှောင်တွေကို သွားကြိုတဲ့ လမ်းမှာနားရင်း ချောင်းမှာ ရေဆင်းချိုးကြတာ တယောက်က အရင်မျောသွားတယ်။ နောက်တယောက်ပါ လိုက်ဆယ်ရင်း ထပ်မျောသွားတာတဲ့။ သေပြီလို့တော့ ခန့်မှန်းကြတယ်၊ အခုထိ အလောင်းရှာမတွေ့သေးဘူး” လို့ ပြောပါတယ်။
ပလက်ဝမြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ရက္ခိုင့်တပ်တော် (အေအေ) က ဝင်ရောက်တိုက်ခိုက်သွားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးနောက်မှာ ပလက်ဝမြို့ခံတွေက ဘေးလွတ်ရာ ကျေးရွာတွေနဲ့ တခြားမြို့နယ်တွေဘက်ကို ပြောင်းရွှေ့နေကြပါတယ်။
ပလက်ဝမြို့ ခလရ ၂၈၉ တပ်ရင်းနဲ့ အေအေ တပ်စခန်းတို့မှ လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ပလက်ဝမြို့ပေါ်မှာ မကြာခဏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေ ဖြစ်ပွားနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။