ထိုင်းနိုင်ငံ၊ အယုဒ္ဓရမြို့မှာ ဒီဇင်ဘာ ၂၄ ရက် မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၅၄ ကီလိုဝိတ်တန်း Thai Fight မွေထိုင်း အမျိုးသမီး ဘုရင့်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ မြန်မာနိုင်ငံက ကယန်းလက်ဝှေ့မယ် ဘရော်နီကာဟာ အိမ်ရှင် ထိုင်းနာမည်ကြီးလက်ဝှေ့မယ် ဖာရာဆင်ကာကို ပထမအချီမှာပဲ အနိုင်ယူခဲ့ပါတယ်။
ပထမအချီ ပွဲအစမှာပဲ ဘရော်နီကာရဲ့ ခြေကန်ချက်ဟာ ထိုင်းလက်ဝှေ့မယ်မျက်နှာကို ထိပြီး မူးဝေလဲကျသွားခဲ့ပြီး နောက်ပိုင်း ပြန်ထခဲ့ပေမဲ့ ဘရော်နီကာရဲ့ ထိုးချက်တွေကြောင့် ၁ မိနစ်နဲ့ ၁၆ စက္ကန့်မှာပဲ အနိုင်ယူပြီး Thai Fight အမျိုးသမီးဘုရင့်ဖလားမှာ ဗိုလ်စွဲခဲ့ပါတယ်။
ဘရော်နီကာဟာ ၂၀၂၂ Thai Fight အမျိုးသမီး ဘုရင့်ဖလားပြိုင်ပွဲမှာလည်း ဗိုလ်စွဲထားတာကြောင့် ၂ နှစ်ဆက် ဆုဖလားရယူနိုင်ခဲ့ပြီး ဒီပွဲအနိုင်ရရှိတာ အပါအဝင် ဘရော်နီကာဟာ နောက်ဆုံးထိုးသတ်ခဲ့တဲ့ ၁၆ ပွဲဆက်တိုက် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဘရော်နီကာနဲ့ ထိုးသတ်ခဲ့တဲ့ ဖာရာဆင်ကာဟာ ၆၈ ပွဲ ထိုးသတ်ထားပြီး ၅၈ ပွဲနိုင်၊ ၈ ပွဲသာ ရှုံးထားတဲ့ ထိုင်းနာမည်ရ လက်ဝှေ့မယ် ဖြစ်ပါတယ်။
ဘရော်နီကာနဲ့ ဖာရာဆင်ကာတို့ဟာ အောက်တိုဘာ ၂၉ ရက် သီတင်းကျွတ်လပြည့်နေ့မှာလည်း ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသေးပြီး ဘရော်နီကာက ကျန်းမာရေးမကောင်းလို့ ဆေးသွင်းပြီး ထိုးခဲ့ပေမဲ့ အမှတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။