စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာမြို့နယ်မှာ ကသာမြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်၊ SNA နဲ့ ပျူစောထီးပူးပေါင်း စစ်ကြောင်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ဖို့သွားတဲ့ တိုက်နယ် ပ.က.ဖ တပ်ဖွဲ့ဝင် ၃ ယောက်ကို ဒီဇင်ဘာ ၂၀ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ကသာမြို့နယ် ပ.က.ဖ တာဝန်ခံတယောက်ဆီကနေ သိရပါတယ်။
ပ.က.ဖ တပ်ဖွဲ့ဝင် ၃ ယောက်ဟာ ကသာမြို့ကနေ မံစီ၊ နမ့်လိုင်ဘက်ကို တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲဖို့ သွားတဲ့အချိန် ဖမ်းဆီးခံခဲ့ရတာပါ။
ပ.က.ဖ တာဝန်ခံတယောက်က “ကသာကနေ ထွက်လာတဲ့ စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲဖို့ဆိုပြီး သွားတာ။ ကင်းပုန်နဲ့တိုးပြီး ဖမ်းဆီးသတ်ဖြတ်ခံရတာ၊ ပစ်ခတ်မှုတော့ ဖြစ်သေးတယ်။ တိုက်ပွဲပုံစံတော့ မဟုတ်ဘူး။ ကလေးတွေကလည်း တွေ့တာနဲ့ ပြန်ပစ်တဲ့သဘောပေါ့။ အဲဒီလိုနဲ့ ဖမ်းခံရပြီး သတ်ဖြတ်ခံရတာ” လို့ ပြောပါတယ်။
ပ.က.ဖ တပ်ဖွဲ့ဝင် ၃ ယောက် ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ နေရာဟာ ကသာမြို့ အထက် နကူးရွာဟောင်း ပတ်ဝန်းကျင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ပ.က.ဖ တပ်ဖွဲ့ဝင် ၃ ယောက်ရဲ့ ရုပ်အလောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည်ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ထားတာဖြစ်တယ်လို့ ပ.က.ဖ တာဝန်ခံက ပြောပါတယ်။
“နှိပ်စက်တာတော့ မပြောနဲ့တော့၊ အများကြီးပဲ။ သူတို့ဖမ်းဆီးခံရတာဆိုတော့ စပါယ်ရှယ်နှိပ်စက်ပြီး သတ်တာ။ ဓားတွေမွှန်းပြီးတော့ သတ်ဖြတ်ထားတာ” လို့ ပြောပါတယ်။
ကသာမြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းမှာ ရှမ်းနီတပ် SNA နဲ့ ပျူစောထီးတွေ ပါဝင်ပြီး SNA တပ်ဖွဲ့တွေဟာ ထီးချိုင့်မြို့သိမ်းတိုက်ပွဲ စတင်ပြီးနောက် ရောက်ရှိလာတာ ဖြစ်တယ်လို့ သိရပါတယ်။ကသာမြို့ကို ရောက်ရှိနေတဲ့ SNA နဲ့ ပျူစောထီးတွေဟာ ကသာမြို့ကို အင်အားဖြည့်ဖို့အတွက် စစ်ကောင်စီက ခေါ်ယူထားတာဖြစ်တယ်လို့ ယူဆရပြီးတော့ ပျူစောထီး ၆၀ ဝန်းကျင်နဲ့ SNA တပ်ဖွဲ့ဝင် ၁၀၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။