ဆာဟဲလ်ဒေသမှာ ဆယ်စုနှစ်တစ်ခုကြာန အစ္စလာမ္မစ်သောင်းကျန်းမှုကို တိုက်ဖျက်ရာမှာ ကူညီနေဖို့ နိုင်ဂျာနိုင်ငံမှာ နောက်ဆုံးတပ်ဖြန့်ထားခဲ့တဲ့ ပြင်သစ်တပ်တွေ ဒီဇင်ဘာ ၂၂ ရက်က နိုင်ဂျာ နိုင်ငံကနေ ထွက်သွားပါပြီ။
ခုလို ပြင်သစ်တပ်တွေ နုတ်ထွက်လိုက်တာဟာ ဒေသတွင်း ပြင်သစ်ရဲ့ သြဇာလွှမ်းမိုးမှုအပေါ် နောက်ထပ် ထိုးနှက်ချက်ဖြစ်စေတဲ့ ဆုတ်ခွာမှုတစ်ခုလို့ ရိုက်တာ သတင်းဌာနက သုံးသပ် ဖော်ပြပါတယ်။
ဇူလိုင်လတုန်းက နိုင်ဂျာနိုင်ငံမှာ အာဏာသိမ်းခဲ့တဲ့ စစ်အစိုးရက သူ့ရဲ့ အဓိက တောင်းဆိုချက်တွေထဲက တခုအဖြစ် ပြင်သစ်စစ်တပ် နုတ်ထွက်ခဲ့ဖို့ တောင်းဆိုခဲ့ပါတယ်။
အိမ်နီးချင်းဘာကီနာဖာဆိုနဲ့ မာလီနိုင်ငံတွေမှာ အစောပိုင်းက အာဏာသိမ်းပြီးတဲ့နောက် စစ်အာဏာရှင်တွေက နိုင်ဂျာရဲ့ တောင်းဆိုချက်ကို ပဲ့တင်ထပ် တောင်းဆိုခဲ့ကြပါတယ်။
အစပိုင်းမှာ ပြန်တွန်းလှန်ခဲ့ပေမဲ့ ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခွန်းက ပြင်သစ် တပ်ဖွဲ့ဝင် ၁,၅၀၀ ကို အခုနှစ်ကုန်ပိုင်းမှာ နိုင်ဂျာနိုင်ငံကနေ ပြန် ဆုတ်ခွာခိုင်းမယ်လို့ စက်တင်ဘာလတုန်းက ပြောပါတယ်။
ပြင်သစ်စစ်တပ်ဟာ ၂၀၂၂ ခုနှစ် ဩဂုတ်လမှာ မာလီနိုင်ငံကနေ ဆုတ်ခွာမှု ပြီးဆုံးခဲ့ပြီး ဖေဖော်ဝါရီလမှာ ဘာကီနာဖှာဆိုနိုင်ငံနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု ပြီးဆုံးခဲ့တာပါ။
အဲဒီနောက် ဒေသတွင်း မလုံခြုံမှုအတွက် စိုးရိမ်မှုရေချိန် မြင့်တက်လာခဲ့ပါတယ်။ အာဏာမသိမ်းခင် အချိန်အထိ ဆာဟယ်နဲ့ တခြားဒေသက လူထောင်ချီကို သတ်ပြီး လူသန်းချီကို အိုးပစ်အိမ်ပစ် ထွက်ပြေးရအောင် လုပ်ခဲ့တဲ့ အိုင်အက်စ်စစ်သွေးကြွတွေ၊ အယ်လ်ကိုင်ဒါတွေနဲ့ ဆက်စပ်နေတဲ့ အုပ်စုတွေကို တိုက်ခိုက်ဖို့ အခြေစိုက်စခန်းအဖြစ် နိုင်ဂျာနိုင်ငံကို သုံးခဲ့ပြီး ပြင်သစ်နဲ့အမေရိကန်တို့ရဲ့ အဓိက လုံခြုံရေး မိတ်ဖက်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေခဲ့ပါတယ်။
ဒါပေမဲ့နိုင်ဂျာနိုင်ငံရဲ့ လက်ရှိစစ်အစိုးရက ကန့်သတ်ချုပ်ချယ်နေလို့ သံတမန်ရေးရာ တာဝန်တွေကို မထမ်းဆောင်နိုင်တဲ့အတွက် နိုင်ဂျာနိုင်ငံထဲက သံရုံးကို အချိန်အကန့်အသတ်မရှိ ပိတ်ဖို့ စီစဉ်နေတယ်လို့ ပြင်သစ်က ပြောခဲ့ပါတယ်။
Source/Photo-REUTERS/Mahamadou Hamidou