Home
မြန်မာသတင်း
ဟုမ္မလင်းမြို့နားအထိ ကာကွယ်ရေးတပ်များ ထိုးစစ်ဆင်နေသဖြင့် စစ်ကောင်စီက ခံစစ်ပြင်နေ
DVB
·
December 22, 2023
PDF_22122023

စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နားအထိ ကာကွယ်ရေးအင်အားစုတွေ ထိုးစစ်ဆင်ဖို့ ရောက်ရှိနေတာကြောင့် စစ်ကောင်စီက ခံစစ်ပြင်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

ဒီဇင်ဘာလဆန်းပိုင်းကစပြီး တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ ကောလင်းခရိုင်၊ ကောလင်းမြို့နဲ့ ခန္တီးခရိုင်၊ ဟုမ္မလင်းနယ်၊ ရွှေပြည်အေးမြို့တို့ကို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ စစ်ကြောင်းထိုးဖို့ ကြိုးစားတာတွေ၊ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပေမယ့် ကာကွယ်ရေးအင်အားစုတွေဘက်က အသာစီးပြန်ရယူထားတာ ဖြစ်ပါတယ်။  

ဒီဇင်ဘာ ၂၁ ရက်နေ့မှာ တိုက်ပွဲတွေကြောင့် မုံရွာ-ဖောင်းပြင်-ရွှေပြည်အေးလမ်းပိုင်းမှာ ပိတ်ဆို့နေတဲ့ ကားတန်းအပေါ် စစ်ကောင်စီက ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၄ ယောက် ကျဆုံးခဲ့ပါတယ်။

ကိုပီတာဂျက် (တမူးခရိုင်ပကဖ) က "ဒီကောင်တွေ အခု ခံစစ်ပဲပြင်နေတယ်။ ကျနော်တို့ ဟုမ္မလင်းဘက်မှာလည်း အလုပ် အသားကုန်လုပ်နေတယ်ဆိုတော့၊ ကာကွယ်ရေးအင်အားစုတွေက ဟုမ္မလင်းမြို့နားအထိ ကပ်နေပြီလေ။ တမူးကတော့ လုံးဝအသစ် ဖြစ်သွားပြီပေါ့နော်၊ တမူးမှာရောက်နေတဲ့ စစ်ကောင်စီတပ်တွေကတော့။ ခံစစ်ပြင်တယ်၊ လေယာဉ်နဲ့ တိုက်ပြီးတော့ ချတယ်။ ရှေ့မတိုးတော့ဘဲနဲ့ သူတို့ နေတဲ့နေရာမှာပဲ ခံစစ်ပြင်ပြီးနေတဲ့ သဘောပေါ့။ ဟယ်လီကော်မတာ MI 2 နဲ့လာလာပြီးတော့ ဗုံးတွေချတယ်။ မနေ့ကဆိုရင် ဖောင်းပြင်မှာ အရပ်သား ၄ ယောက်လောက် သေသွားတယ်လို့ ကြားတယ်။ ကားတွေ ပိတ်မိနေတာလေ။ အဲဒီမှာ စစ်ဖြစ်နေတဲ့အခါကျတော့ ကားတွေပိတ်မိနေတယ်။ အဲဒီကားတွေ ပိတ်မိနေတဲ့အပေါ် ချတယ် ပြောတယ်။ ဒီဘက် တမူးဘက်တော့ အထိအခိုက်တော့ မရှိသေးဘူး လောလောဆယ်တော့" လို့ ပြောပါတယ်။

ကောလင်း၊ ခါမ်းပါတ်နဲ့ ရွှေပြည်အေးမြို့တွေမှာ တည်ငြိမ်မှု မရှိသေးတာကြောင့် စစ်ရေးနဲ့ စစ်ရှောင်ပြည်သူတွေရဲ့ သတင်း၊ တည်နေရာနဲ့ အချက်အလက်တွေပေါက်ကြားမှုမရှိအောင် မြေပြင်အခြေအနေတချို့ကို ထုတ်ဖော်ပြောဆိုဖို့ ဒေသခံ PDF တွေဘက်က ချင့်ချိန်ရတဲ့ အခက်အခဲရှိနေပါတယ်။ 

စစ်ရှောင် ၇ သောင်းထက်မနည်းရှိနေတဲ့ ထီးချိုင့်မြို့မှာတော့ ပြည်သူတွေမြို့နားပြန်ကပ်ရင် PDF တွေတိုက်ခိုက်ရခက်အောင် "PDF တွေက မြို့ကိုသိမ်းနိုင်ပြီဖြစ်တာကြောင့် မြို့ကို ပြန်လာလို့ရပြီ" ဆိုတဲ့ သတင်းအမှားတွေကို စစ်ကောင်စီက ဖြန့်ဝေနေပါတယ်။

ထီးချိုင့် PDF တာဝန်ရှိသူတဦးက "အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေ မဟုတ်မချင်း မယုံကြပါနဲ့လို့ အဲ့လိုပဲပြောချင်တယ်။ လောလောဆယ်မှာ ပြည်သူတွေအနေနဲ့ကတော့ ဘေးကင်းရာမှာပဲ သွားနေပြီးတော့ တိုက်ပွဲက ပြီးသွားလို့ နိုင်သွားတယ်ဆိုရင်တောင်မှ အန္တရာယ်ကင်းစွာ နေနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ရမယ့် လုပ်ငန်းတွေ ရှိပါတယ်ဆိုတဲ့အကြောင်းပေါ့ ဒါလေးပဲ ကျနော်ပြောချင်တာပါ" လို့ ပြောပါတယ်။

ကချင်ပြည်နယ်စပ် စစ်ကိုင်းတိုင်း အထက်ပိုင်းမြို့နယ်တွေဟာ စစ်ရေးအရဗျူဟာကျတဲ့အတွက် ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အပြိုင်နယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေတာပါ။ 

စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်၊ ချင်းပြည်နယ်စပ်မြို့တွေဟာ ပထဝီအနေအထားအရ တောင်ကြောတွေတည်ရှိပြီး သွားလာရခက်ခဲတာကြောင့် စစ်ကောင်စီက သူတို့အခြေစိုက်စခန်းတွေနဲ့ မြို့တွေကို လက်လွှတ်ရရင် ပြန်သိမ်းဖို့ မလွယ်တော့တဲ့ အခြေအနေဖြစ်ပါတယ်။ 

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024