ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေ အများဆုံး ဆိုက်ကပ်လာလေ့ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းခြေက ဒေသခံတွေဟာ ယိုယွင်းနေတဲ့ သစ်သားစက်လှေတွေနဲ့ ရောက်လာတဲ့ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေကို နှစ်ပေါင်းများစွာ သနားဂရုဏာထား လက်ခံ စောင့်ရှောက်ခဲ့ကြပေမဲ့ အခုတော့ ဒေသခံတွေရဲ့ ရန်လို မနှစ်မြို့မှု ဆန္ဒပြမှုတွေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ရင်ဆိုင်ခဲ့ရပါတယ်။
ဒီနှစ်မှာ အာချေးဒေသကို ပမာဏအများအပြားရောက်လာတဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေကြောင့် ဒေသတွင်း ပြဿနာတွေ၊ ဖိအားတွေများပြားလာတာကို ခံစားနေရတဲ့ ဒေသခံတွေက ဒုက္ခသည်တွေကို ထပ်မံ လက်ခံလိုစိတ်မရှိတော့ဘဲ နောက်ထပ်လှေတွေ ရောက်လာခဲ့ရင် ပင်လယ်ထဲကို ပြန်တွန်းလွှတ်မယ်လို့ ပြောပါတယ်။
အာချေးဒေသ ဆာဘန်းကျွန်းပေါ်က ဆန္ဒပြသူတွေဟာ ရိုဟင်ဂျာတွေအတွက် ယာယီ စီစဉ်ပေးထားတဲ့ ရွက်ဖျင်တဲတွေကို ဖယ်ရှားပစ်ခဲ့ကြတာတွေ၊ ရိုဟင်ဂျာလှေတွေကို ပင်လယ်ထဲ ပြန်တွန်းလွှတ်ဖို့ ခြိမ်းခြောက်ခဲ့ကြတာတွေကို ပြီးခဲ့တဲ့ ရက်သတ္တပတ်က တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ ရုပ်မြင်သံကြား အစီအစဉ်မှာ မြင်တွေ့ခဲ့ကြရပါတယ်။
ရိုဟင်ဂျာ ၄၀၀ လောက်ဟာ အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသကို ဒီဇင်ဘာလ ၁၀ ရက်က ယိုယွင်းနေတဲ့ လှေတွေနဲ့အတူ ရောက်လာခဲ့ကြတယ်လို့ ပြည်နယ်ငါးဖမ်းအဖွဲ့ရဲ့ ခေါင်းဆောင်က ပြောပါတယ်။
အသစ်ရောက်လာတဲ့ ရိုဟင်ဂျာတွေကို ရင်ဆိုင်မောင်းထုတ်ဖို့အတွက် ရာနဲ့ချီတဲ့ ဒေသခံတွေကလည်း လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
အာချေးဒေသခံ အင်ဒိုနီးရှားဒေသခံ အယ်လာစပ်တီယာက "အခု ဆန္ဒပြနေကြတာကို ကျမထောက်ခံတယ်။ ဘာလို့လဲဆိုတော့ နဂိုကမှ အာချေးမှာ ဆင်းရဲတဲ့သူတွေ အများကြီးရှိသေးတာ၊ ဘာလို့ ကျမတို့က ပတ်ဝန်းကျင်ကို ဒုက္ခပေးမယ့် ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကို လက်ခံရမှာလဲ။ သူတို့ရှိရင် ပတ်ဝန်းကျင်ကိုပါ ပျက်စီးစေတယ်။ သူတို့နဲ့အတူ အခမဲ့ လိင်ဖျော်ဖြေတာတွေ၊ မူးယစ်ဆေးပြဿနာတွေပါ ပါလာတာ” လို့ လည်း သူကပြောပါတယ်။
နောက်ထပ် အာချေးဒေသခံ အမျိုးသမီးတဦးဖြစ်တဲ့ ဒေစီ ဆေဗီယာနာက "ကျမ ရိုဟင်ဂျာတွေကို လက်ခံထားဖို့ သဘောမတူဘူး။ အာချေးမှာ ရိုဟင်ဂျာ အရမ်းများနေပြီ။ ဒီ ၂၀၂၃ ခုနှစ် တစ်နှစ်တည်းမှာတောင် ဒီကိုရောက်လာကြတာ ထောင်နဲ့ချီနေပြီလို့ သတင်းတွေထဲမှာ ကြားနေရတယ်။ သူတို့ကို ဒီမှာ ခေါ်ထားဖို့ ကျမ သဘောမတူနိုင်ဘူး။ သူတို့က လူ့အဖွဲ့အစည်းအတွက် အနှောင့်အယှက်ဖြစ်စေတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာ ရောက်လာခဲ့တဲ့ ရိုဟင်ဂျာ ၁၃၅ ယောက်ကို ယာယီနေရာချပေးခဲ့တဲ့ အာချေးဘဇားခရိုင်က ဒေသခံတွေက လက်မခံတာကြောင့် ပြည်နယ်ဝန်ကြီးရုံးကို ပြောင်းရွှေ့နေရာချထားပေးခဲ့ရတယ်လို့ ဒေသခံ သတင်းတွေက ဖော်ပြကြပါတယ်။
ရွာလူကြီး ရီဇာလယ်ဖီထရီက "ပီဒီခရိုင်ထဲက ကျနော်တို့ရဲ့ ဘလန်းရာယာရွာမှာ ချမှတ်ထားတဲ့ စည်းကမ်းအရ ဒီကလူတွေက ရိုဟင်ဂျာတွေကို လက်မခံဖို့ ဆုံးဖြတ်ထားတယ်။ မနေ့ညက ဆိုရင်လည်း ကျနော် ဒီက ကမ်းရိုးတန်းတလျှောက်မှာ အစောင့်တွေ ချထားတယ်။ အစောင့်တွေကို ပြန်လွှတ်ပြီး ည ၁ နာရီခွဲလောက်လည်းကျရော ကျနော်တို့မသိလိုက်ဘဲ သူတို့ကဒီမှာ ရောက်နေကြပြီ”လို့ ပြောပါတယ်။
ဒါ့အပြင် ဆက်လက်ပြီး အင်ဒိုနီးရှားဒေသခံ ရွာလူကြီးက "နောက်တဆင့် ကျနော်ပြောချင်တာကတော့ သူတို့ဒီကနေ ချက်ချင်း ထွက်သွားဖို့ပါပဲ။ သူတို့ကို UNHCR က လူတွေ ဘယ်ကိုပဲ ခေါ်သွားသွား ဒီမှာရှိမနေတော့ရင် ပြီးတာပါပဲ"လို့ ပြောပါတယ်။
ဒေသခံအရာရှိ ဖာရာက "ဒီရွာခံတွေရဲ့ ကိုယ်စားလှယ်တွေက ရိုဟင်ဂျာတွေကို ဒီမှာမထားဘဲ တခြားနေရာရွှေ့ပေးဖို့ UNHCR ကို တောင်းဆိုထားကြတယ်။ အရင်ကလည်း ဒီ ဒုက္ခသည်တွေဟာ သူတို့ကိုထားထားတဲ့ နေရာကနေ ထွက်ပြီး ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းတွေကို ဒုက္ခပေးခဲ့တဲ့ အတွေ့အကြုံတွေ ရှိထားကြတော့ သူတို့က လက်မခံချင်ကြဘူး” လို့ ပြောပါတယ်။
အလားတူ ဒေသခံ ဟတ်စ်မာဒီခါဒါဖီကလည်း “၂၀၁၅ ခုနှစ်တုန်းကလည်း သူတို့တွေ ရောက်လာခဲ့ဖူးတယ်။ အဲဒီတုန်းက သူတို့ကို ကောင်းကောင်းမွန်မွန်ပဲ လက်ခံထားပေးခဲ့တယ်။ အဲဒါကို သူတို့က ကောင်းကောင်းမနေဘဲ သူတို့ကို ထားတဲ့ ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးပြီး ပတ်ဝန်းကျင်းလူ့အသိုင်းအဝိုင်းကို ဒုက္ခပေးခဲ့ကြတယ်” လို့ ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ဒီဒေသခံတွေ ဘာကို မကြိုက်ကြတာလဲဆိုတာကို သေချာ ဆွေးနွေးပြီး အဖြေရှာပါဦးမယ်လို့ UNHCR ကိုယ်စားလှယ် အန်းမေမန်းကတော့ ပြောပါတယ်။
“နိုဝင်ဘာလ ၁၄ ရက်နေ့က လှေတစ်စီးနဲ့ ရိုဟင်ဂျာတွေ ပီဒီကို ရောက်လာကြတော့ သူတို့မလိုလားတာနဲ့ ဘီရွန်းကိုပို့၊ ဘီရွန်းကလည်း လက်မခံချင်ကြတာကို တွေ့ရတော့ အဲဒီကနေ ဆာဘန်းကို ထပ်ပြောင်းပေးရတယ်။ အရင်ကဆိုရင် အဲဒီလို မနှစ်မျို့တဲ့ လက္ခဏာတွေ မတွေ့ရဘူး။ အဲဒါကြောင့် ဒီက ဒေသခံတွေနဲ့ တွေ့ဆုံ စကားပြောကြည့်ပြီး သူတို့ ဘာကို မကြိုက်ကြတာလဲဆိုတာကို နားလည်အောင် ကြိုးစားကြည့်ချင်တယ်။ ဒီကိစ္စဟာ ထိန်းမနိုင်သိမ်းမရ အခြေအနေမျိုး မဟုတ်သေးတာကြောင့် ထိန်းသိမ်းစီမံလို့ ရနိုင်မယ်ထင်ပါတယ်။”
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) ရဲ့ အချက်အလက်တွေအရ နိုဝင်ဘာလကနေ စတင်ကာ အင်ဒိုနီးရှားကို ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည် စုစုပေါင်း ၁၂၀၀ ကျော်ပြီဖြစ်ကာ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာတင် အနည်းဆုံး ၃၀၀ ထပ်မံရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
အင်ဒိုနီးရှားကို လှေစီးရောက်လာတဲ့ အသက် ၃၂ နှစ်အရွယ် ရိုဟင်ဂျာဒုက္ခသည် မိုဟာမက်ဟာဆင်က "ဒီကမ္ဘာမှာ ကျနော်တို့အတွက် နေစရာမရှိတော့ပါဘူး။ မြန်မာနိုင်ငံကနေ ထွက်ပြေးလာပြီးနောက် ဘင်္ဂလားဒေ့ရှ်မှာရော၊ ဒီမှာရော။ ဘင်္ဂလားဒေ့ရှ်မှာတုန်းကဆိုရင် ဒုက္ခသည် စခန်းတွေမှာ ကျနော်တို့ အိပ်လို့တောင် မရဘူး။ လူတွေကို တောင်ကုန်းတွေပေါ် ပြန်ပေးဆွဲခေါ်သွားပြီး ငွေနဲ့ ပြန်ရွေးခိုင်းကြတယ်။ အသတ်ခံရတဲ့ လူတွေလည်း ရှိတယ်။ အဲဒီမှာ ကျီးလန့်စာစား ဖြစ်နေလို့ ကျနော်တို့က ဒီကိုလာခဲ့ကြတာပါ။ အခုဒီမှာ အင်ဒိုနီးရှားက အုပ်ချုပ်ရေးအဖွဲ့တွေရော ပြည်သူလူထုကပါ ကျနော်တို့ကို ဘာလုပ်လုပ်ခံပါ့မယ်။ ကျနော်တို့အတွက် တခြားနည်းလမ်း မရှိတော့ပါဘူး။ ကျနော်တို့ရဲ့ အနာဂတ်က သူတို့ လက်ထဲနဲ့ UNHCR ရဲ့ လက်ထဲမှာပါပဲ။ ဒီနိုင်ငံမှာ ကျနော်တို့အတွက် တခြားဘာမှလည်း လုပ်စရာမရှိပါဘူး”လို့ ပြောပါတယ်။
မိုဟာမက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ ကော့ခ်ဘဇား ဒုက္ခသည်စခန်းကနေ ထွက်ပြေးလာခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသက ယာယီဒုက္ခသည် စခန်းတွေမှာ နေရာချာထားပေးခြင်းခံရတဲ့ ၁၄၀၀ ထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ကြုံတွေ့နေရတဲ့ ဘေးအန္တရာယ်တွေကနေ လွတ်မြောက်အောင် ထွက်ပြေးလာခဲ့တဲ့ မိုဟာမက်ဟာဆင်ဟာ လှေတစ်စီးနဲ့ ၁၄ ရက်ကြာ ပင်လယ်ထဲမှာ မျောနေပြီးနောက် အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသကို နိုဝင်ဘာလလယ်မှာ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
နောက်ထပ် ရိုဟင်ဂျာဒုက္ခသည်တစ်ဦးဖြစ်တဲ့ အသက် ၃၀ အရွယ် အမျိုးသမီးတဦးဖြစ်တဲ့ ဟာဇာရာဟာတွန်ဟာလည်း သူ့ရဲ့ ကလေးသုံးယောက်နဲ့အတူ အာချေးဒေသကို နိုဝင်ဘာလထဲမှာ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည် ဟာဇာရာဟာတွန်က “အာချေးကနေ အတင်းအကျပ် ဖိအားပေး နှင်ထုတ်ခံရမှာကြောက်တယ်။ ကျမက မိသားစုတွေ ဘင်္ဂလားဒေ့ရှ်မှာ ကျန်ခဲ့တာ။ တခြားဘယ်ကို သွားရမယ်မှန်းလဲ မသိပါဘူး။ ကျန်တဲ့ မိသားစုတွေ အကုန်ထားခဲ့ပြီး ကလေးတွေကိုပဲ ပညာသင်ပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ခေါ်လာခဲ့တာပါ”လို့ ပြောပါတယ်။
နောက်ထပ် ရိုဟင်ဂျာဒုက္ခသည် အဗ္ဗဒူဟာမစ်ကလည်း "ကျနော်တို့ကို ခေါ်လာတဲ့ ပွဲစားက စားစရာ၊ သောက်စရာတွေ မပေးဘဲ ကျနော်တို့ကို ဒီတိုင်းထားခဲ့တာ ၇ ရက်လောက်ရှိနေပြီ။ ကလေးတွေက ဆာပြီးငိုကြ၊ နေမကောင်းတွေ ဖြစ်ကြပေါ့" လို့ ပြောတယ်။
အင်ဒိုနီးရှားအထိရောက်ဖို့ ဘယ်လောက်ပေးခဲ့ရလဲလို့ သတင်းထောက်ရဲ့ မေးမြန်းချက်ကို ဘင်္ဂလားဒေ့ရှ်ငွေ ၃၀ (အမေရိကန်ဒေါ်လာ ၂၇ ပြားခန့်) နဲ့ မလေးရှားပိုက်ဆံ ၁၃၀၀ (အမေရိကန် ၂၇၉ ဒေါ်လာခန့်) ပေးခဲ့ရတယ်လို့ ပြန်လည်ဖြေကြားပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကတော့ သူတို့ကို ဆန့်ကျင်ဆန္ဒပြမှုတွေ၊ ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားက အင်ဒိုနီးရှားနိုင်ငံရဲ့ အနောက်ဘက်အကျဆုံး နေရာဖြစ်တဲ့ အာချေးဒေသကို တဖွဲဖွဲ ထပ်မံရောက်ရှိလာနေတာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကတော့ အခုလို ဒုက္ခသည်လှေတွေ အမြောက်အမြား ရောက်လာတာရဲ့ နောက်ကွယ်မှာ လူကုန်ကူးမှုတွေ ရှိနေတယ်လို့ သံသယရှိကြောင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဒုက္ခသည်တွေကို ယာယီနေထိုင်စရာတွေ ထောက်ပံ့ကူညီသွားမှာဖြစ်ကြောင်း ဒီဇင်ဘာလ ၈ ရက်က ပြောခဲ့ပါတယ်။
"ဒီပြဿနာမှာ လူကုန်ကူးမှုတွေ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိပါတယ်။ ဒီကိစ္စကို အင်ဒိုနီးရှားက ကောင်းကောင်းကိုင်တွယ်ဖြေရှင်းသွားမှာပါ။”
ဒေသခံတွေရဲ့ အကျိုးကို ဦးစားပေး စဉ်းစားပြီးမှ ဒုက္ခသည်တွေအတွက် ယာယီ ထောက်ပံ့မှုတွေကို ပေးသွားမယ်လို့လည်း ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။
အင်ဒိုနီးရှားဟာ ကုလသမဂ္ဂရဲ့ ၁၉၅၁ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်မှာ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံမဟုတ်ပေမဲ့ ဒုက္ခသည်တွေရောက်လာတဲ့အခါမှာတော့ ကူညီကယ်ဆယ်ထားပေးတဲ့ ရာဇဝင်ရှိတာကြောင့် UNHCR ရဲ့ ချီးကျူးဂုဏ်ပြုမှု ခံရတဲ့ နိုင်ငံဖြစ်ပါတယ်။
လှေပေါ်မှာ လိုက်ပါလာသူတွေရဲ့ အသက်အန္တရာယ်ဖြစ်စေနိုင်တာကြောင့် စိုးရိမ်ထိန်လန့်မိကြောင်း UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အာရှဒေသဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဘာဘာဘာလော့ချ်က ပြောပါတယ်။
ရိုဟင်ဂျာတွေကို ကျူးကျော်ဝင်ရောက်လာသူတွေအဖြစ် သတ်မှတ်ပြီး နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်းမရှိဘဲ အနိုင်ကျင့် နှိပ်စက်မှုတွေခံနေရတာကြောင့် မြန်မာနိုင်ငံကနေ ရိုဟင်ဂျာတွေ ထွက်ခွာနေကြတာ နှစ်ပေါင်းများစွာကြာခဲ့ ပြီဖြစ်ပါတယ်။
နှစ်စဉ်နှစ်တိုင်း ပင်လယ်ပြင် ပိုမိုငြိမ်သက်တဲ့ အချိန်ဖြစ်တဲ့ နိုဝင်ဘာလနဲ့ ဧပြီလကြားမှာ ရိုဟင်ဂျာတွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံအပြင် မွတ်စလင်အများစု နေထိုင်ရာ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ကို သစ်သားလှေတွေနဲ့ ထွက်ခွာလေ့ရှိကြပါတယ်။
Source/Photo- Reuters