လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ရှမ်းပြည်မြောက်ပိုင်းကနေ တရုတ်ကို သွယ်တန်းထားတဲ့ ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲပြီး ဒေသခံတွေကို ထိမှန်မှာစိုးရိမ်နေကြတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) အစီရင်ခံစာထုတ်ပြန်ပါတယ်။
ပိုက်လိုင်းဖြတ်သန်းသွားရာ မြို့နယ်တွေဖြစ်ကြတဲ့ နမ့်ခမ်း၊ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့နယ်အတွင်းနဲ့ မန္တလေး-မူဆယ် အဝေးပြေးလမ်းတလျှောက်မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်လို့ SHRF က ထောက်ပြပါတယ်။
SHRF ပြောခွင့်ရ ယိင်းလျန်းဟန်က “တရုတ်နိုင်ငံတင်မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလာလုပ်မယ့် လူတွေကို ကျမတို့ မီးမောင်းထိုးပြချင်တာက ဒီလိုမျိုးစစ်ပွဲတွေနဲ့ မတည်ငြိမ်တဲ့ကာလ၊ စစ်အာဏာရှင် အုပ်ချုပ်မှုကာလ အောက်မှာ ဒီလိုစီမံကိန်းတွေ လာမလုပ်သင့်ဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဓာတ်ငွေ့ပိုက်လိုင်းတွေအနားက အရပ်သားပစ်မှတ်တွေကို လေကြောင်းရော၊ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတာလို့ ဆိုပါတယ်။
ဒါကြောင့် နိုဝင်ဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၁၆ ရက်အထိဆိုရင် နမ့်ခမ်း၊ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့နယ်တွေက အရပ်သားပြည်သူ ၂၇ ဦး သေဆုံးပြီး ၃၃ ဦး ဒဏ်ရာရကာ အဆောက်အဦ ၁၆၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာရေးထားပါတယ်။
ယိင်းလျန်းဟန် “ဒီလိုကာလတလျှောက်လုံး စီမံကိန်းတွေလာလုပ်ပြီး ဒီလိုမလုံခြုံမှုတွေ ကျမတို့ ကြုံနေရမယ်။ ဒီလိုဖြစ်နေရတာမို့လို့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရတဲ့အချိန်မှသာ၊ အဲအချိန် အစိုးရမှသာလျှင် ဒီလိုစီမံကိန်းကြီးတွေကို လာပြီးမှ ပြန်လုပ်ဖို့ စဉ်းစားသင့်တယ်လို့ မီးမောင်းထိုးပြချင်လို့ရှင့်” လို့ ပြောပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကတော့ ပိုက်လိုင်းအနားမဟုတ်တဲ့ တခြားနေရာတွေမှာပဲ တပ်စွဲတာမျိုး ပြုလုပ်လေ့ရှိတယ်လို့ သူမကဆက်ပြောပါတယ်။
တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟူပေပြည်နယ်၊ ရှီယန်းမြို့မှာ ၂၀၂၁ ခုနှစ်၊ ဇွန် ၁၂ ရက်က လူနေတိုက်ခန်းတွေဆီကို ဓာတ်ငွေ့ပေးဖို့သွယ်တန်းထားတဲ့ ပိုက်လိုင်းတခုပေါက်ကွဲလို့ လူ ၁၂ ဦး ထက်မနည်း သေပြီး ၃၇ ဦး ဒဏ်ရာရခဲ့ဖူးပါတယ်။
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲက မြေပုံထဲမှာ ပိုက်လိုင်းအနီး နေရာတွေကို လေကြောင်းကနေ ပစ်ခတ်ခဲ့တာတွေ့နေရပေမယ့် တရုတ်နဲ့ စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြောတာ မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ နိုင်ငံခြားဝင်ငွေရလမ်းတခုဖြစ်တဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ကနေ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကိုဖြတ်ပြီး ယူနန်ပြည်နယ်ထဲကို ဆက်သွယ်ထားတာဖြစ်ပါတယ်။