Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ် ၂ စီးတိုက်မိပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရ
DVB
·
December 21, 2023
High way Car accident_21122023

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မိုင်တိုင်အမှတ် ၃၂၄/၅ မှာ ဒီဇင်ဘာ ၂၁ ရက် ဒီမနက် ၈ နာရီကျော်က ဟိုက်ဂျက်ကားတစီးကို နောက်ကနေ တခြားကားတစီးက ဝင်တိုက်ခဲ့လို့  လူ ၁၀ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူတွေဆီက သိရပါတယ်။

နေပြည်တော်ဘက်ကနေ မန္တလေးဘက်ကို ယာဉ်မောင်း ဦးအောင်နိုင်ဦး မောင်းလာတဲ့ ဟိုက်ဂျက်ယာဉ်ကို လားရာတူအတိုင်း ရန်နိုင်အောင်စည်  မောင်းလာတဲ့ Nissan Caravan ကားက အနောက်ကနေ ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီယာဉ်တိုက်မှုကြောင့် ဟိုက်ဂျက်ယာဉ်မောင်း အမျိုးသားနဲ့ ယာဉ်ပေါ်ပါ အမျိုးသမီး ၉ ယောက်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေဟာ နတ်မောက်မြို့နယ် နေထိုင်ကြသူတွေဖြစ်ကာ ဘုရားသွားရောက်မယ့်ကားလို့ သိရပါတယ်။

ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူတယောက်က “ဒီမနက်အစောပိုင်းကဖြစ်တာ၊ ကျော်တက်တာမှာ မလွတ်ဘဲ ဝင်တိုက်မိသွားတာ။ အတိုက်ခံရတဲ့ ဟိုက်ဂျက်ပေါ်မှာက ယာဉ်မောင်းအမျိုးသားနဲ့ ကျန်တာ အမျိုးသမီးတွေချည်းပဲပါတာ။ အသေမပျောက်မရှိပါဘူး” လို့ ပြောပါတယ်။

အဲဒီ ဒဏ်ရာရသွားသူတွေကိုတော့ ပြင်စည်အမြန်လမ်းမီးသတ်နဲ့ ဒေသလူမှုကူညီရေး အသင်းတွေက နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားပြီး နောက်ကနေဝင်တိုက်တဲ့ ယာဉ်မောင်း ရန်နိုင်အောင်စည် ကိုတော့ နွားထိုးကြီးရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ အခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလကုန်ပိုင်းအထိ ၁၀ လအတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၃၇ မှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၇၆ ယောက်ရှိကာ သေဆုံးသူ ၇၈ ယောက် ရှိတယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024