အီကွေဒေါနိုင်ငံမှာ လူသိများထင်ရှားတဲ့ ဗြိတိန်စီးပွားရေးသမားတယောက် ပြန်ပေးဆွဲခံခဲ့ရအပြီး ၄ ရက်အကြာ ဒီဇင်ဘာ ၂၀ ရက် မနက်ပိုင်းမှာ ပြန်ကယ်ဆယ်နိုင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
စက်မှုမြို့တော် ဂွါယာကီးလ်မှာ ဗြိတိန်နိုင်ငံရဲ့ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ဟောင်း ကိုလင်းန် အမ်းစထောင်းကို စနေနေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။
အမ်းစထောင်းကို လော့စ်ရီယော့စ်ပြည်နယ် ဘာဘာမြို့ရှိ သူ့နေအိမ်ကနေ ခေါ်ဆောင်သွားခဲ့ကြောင်း အက်ကွာဗီဇာနဲ့ တခြား ဒေသခံမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
သူဟာ အခုတော့ ပြန်လွတ်လာခဲ့ပြီး ဘေးကင်းနေပြီဖြစ်ကြောင်း ရဲမှူးချုပ် ဗိုလ်ချုပ်ကြီး ဆီဇာ ဇာပတာက ကီးတိုမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အမ်းစထရောင်းနဲ့အတူ ကိုလံဘီယာ အမျိုးသမီးတဦးလည်း ပြန်ပေးဆွဲခံခဲ့ရပြီး သူတို့ကို ဂွါယာကီးလ်ရဲ့ လူနေရပ်ကွက်တခုမှာ စွန့်ပစ်ထားခဲ့ကြောင်း နောက်ပိုင်းမှာ ရဲမှူးချုပ် ဇာပတာက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
စစ်ဆင်ရေးအတွင်း လူ ၉ ဦးကို ဖမ်းမိခဲ့ပြီး နိုင်ငံခြားသားတယောက်နဲ့ အီကွေဒေါနိုင်ငံသား ယောက်တို့ဖြစ်ကြောင်း သိရှိရပြီး အသေးစိတ် ဖော်ပြခြင်း မရှိပါဘူး။
ရဲတပ်ဖွဲ့ဟာ နေအိမ် ၃၀ ကျော်ကို ဝင်ရောက်စီးနင်းခဲ့ပြီး လက်ပစ်ဗုံးတွေ၊ သေနတ်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ မူးယစ်ဆေးဝါးတွေကို ဖော်ထုတ်ခဲ့ပါတယ်။ ပြန်ပေးဆွဲရာမှာ အသုံးပြုတဲ့ မော်တော်ကားကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။
စီးပွားရေးအရ လှုံ့ဆော်မှုကြောင့် ပြန်ပေးဆွဲတာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ ပြောကြားခြင်းမရှိပါဘူး။ စုံစမ်းစစ်ဆေးမှုတွေကိုတော့ ဆက်ဖွင့်ထားဆဲဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။
အီကွေဒေါမှာ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေရဲ့ ရာဇဝတ်မှုတွေက ကြီးကြီးမားမား မြင့်တက်လာနေချိန်မှာပဲ ပြန်ပေးဆွဲပြီး ငွေညှစ်တောင်းခံတာတွေ ပိုပြီး အဖြစ်များလာနေပါတယ်။
Source/Photo-Reuters