ထိုင်းနိုင်ငံ၊ ဖိချဖွန်ခရိုင်၊ ဝီချီရန်-ခုတ်ပလုံလမ်းမကြီးမှာ ဖွင့်လှစ်ထားတဲ့ ဖုန်းငွေဖြည့်စက်ထဲကို မြန်မာနိုင်ငံသားတဦးက ဒီဇင်ဘာ ၁၉ ရက်မှာ မြန်မာငွေ ကျပ် ၅၀၀ ကျပ်ထည့်ပြီး ဖုန်းငွေ ဘတ် ၅၀၀ ဖြည့်သွားတဲ့အတွက် ဖုန်းငွေဖြည့်စက်ပိုင်ရှင်က အမှုဖွင့် တရားစွဲဆိုခဲ့တယ်လို့ Khaosod News မှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံသား စာရာယွတ်ဟာ ဝီချီရန်-ခုတ်ပလုံလမ်းမကြီးပေါ်မှာ ဖုန်းငွေဖြည့်စက်ကို ဆေးဆိုင်နဲ့တွဲပြီး ထားရှိထားကာ နေ့စဉ် ဖုန်းငွေဖြည့်စက်ထဲကငွေတွေ ရေတွက်လေ့ရှိကာ ဒီဇင်ဘာ ၂၀ ရက်က ငွေရေတွက်ရာမှာ ဘတ်ငွေတွေကြားထဲမှာ မြန်မာကျပ်ငွေ ၅၀၀ တန်တရွက်ကို ထူးဆန်းစွာ တွေ့ရှိခဲ့ရတဲ့အတွက် CCTV ကို ပြန်ကြည့်ခဲ့ပါတယ်။
CCTV ထဲမှာ ဒီဇင်ဘာ ၁၉ ရက် မနက် ၃ နာရီ မိနစ် ၂၀ လောက်က ဘောင်းဘီရှည်၊ ရှပ်အင်္ကျီရှည် ဝတ်ဆင်လာတဲ့ အမျိုးသားတဦးဟာ ဆိုင်ကယ်နဲ့လာရောက်ခဲ့ပြီး ဖုန်းငွေဖြည့်စက်ထဲမှာ မြန်မာကျပ်ငွေ ၅၀၀ ထည့်ပြီး ဖုန်းဘေ ဘတ် ၅၀၀ ဖြည့်ခဲ့ပါတယ်။
မြန်မာငွေ ၅၀၀ ကျပ်တန်ထည့်ပြီး ဖုန်းဘေ ၅၀၀ ဖြည့်ခဲ့တဲ့ အမျိုးသားကို ဖုန်းငွေဖြည့်စက်ပိုင်ရှင်က ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့တဲ့အတွက် ရဲတွေက အနီးနား ပတ်ဝန်းကျင်မှာ ခြေရာခံပြီး ကျူးလွန်ခဲ့တဲ့ ဆယ်ကျော်သက် မြန်မာအမျိုးသားတဦးကို ဖမ်းဆီးခဲ့ပါတယ်။
မြန်မာအမျိုးသားက ဘတ် ၅၀၀ ပြန်လျော်ခဲ့ပေမဲ့ ရဲတပ်ဖွဲ့က ဥပဒေအရ ဆက်လက်အရေးယူသွားမှာဖြစ်ပြီး ဖုန်းငွေဖြည့်စက်ဝန်ဆောင်မှုတွေကို ယာယီရပ်ဆိုင်းထားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
Source-Khaosod News