စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ပြည်သာယာစစ်ကြောင်း တပ်ရင်း-၁ ဒုရင်းမှူးအပါအဝင် ၁၆ ယောက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဌာန လက်အောက်ခံ ကန့်ဘလူခရိုင် တပ်ရင်း-၄ တာဝန်ရှိသူတွေက ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
နှစ်ဖက် ညှိနှိုင်းပြောဆိုမှုတချို့ကြောင့် BNRA တပ်သား ၁၀ ယောက်နဲ့ အရပ်သား ၁ ယောက်ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ ဒုရင်းမှူးအပါအဝင် ၅ ယောက်ကတော့ ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။
ကန့်ဘလူနယ်ဟာ NUG အမှတ် ၁ စစ်ဒေသမှာပါဝင်တဲ့ နယ်မြေဖြစ်ပြီး ထိန်းချုပ်နယ်မြေထဲကို ကြိုတင်အသိမပေးဘဲ BNRA တပ်ဖွဲ့တွေက ဝင်ရောက်လာတာကြောင့် အခုလိုပြဿနာဖြစ်ရတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
“တယောက်ထိန်းချုပ်နယ်မြေက နောက်တဖွဲ့ သွားကြပြုကြမယ်ဆိုရင် ကြိုတင်အကြောင်းကြား နားလည်မှုယူ ခွင့်ပြုချက်ယူပြီး သွားကြရတာဖြစ်ပါတယ်။ BNRA တပ်ဖွဲ့တချို့က အမှတ် ၁ စစ်ဒေသ ကွပ်ကဲမှုအောက်မှာရှိတဲ့ဒေသမှာ ကြိုတင်မသိရှိဘဲနဲ့ ရောက်ရှိလာတယ်။ ဒါကြောင့် ထိန်းသိမ်းတဲ့အနေအထားကို ရောက်ရှိတယ်ပေါ့နော်။ တဖွဲ့နဲ့တဖွဲ့ ဆွေးနွေးကြပြီးတော့ ဒီပြဿနာကို အေးအေးဆေးဆေး ဖြေရှင်းသွားနိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ နောက်ပိုင်းလည်း အဲ့ဒီလိုမဖြစ်အောင်လို့ ကျနော်တို့ ထိန်းချုပ်နယ်မြေတွေမှာ ဖြတ်သန်းသွားလာမယ်ဆိုရင် သက်ဆိုင်တဲ့တပ်မှူးတွေ၊ စစ်ဒေသတာဝန်ခံ ပုဂ္ဂိုလ်တွေနဲ့ ကြိုတင်ညှိနှိုင်း ခွင့်ပြုချက်ယူပြီးမှ သွားလာမယ်ဆိုရင် ဒီလိုပြဿနာမျိုးကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ယာယီသမ္မတကြီးက ကြုံရင်ကြုံသလို ပြောပါတယ်။ တော်လှန်ရေးအင်အားစုတွေအားလုံး နားလည်မှု တည်ဆောက်ရမယ်။ လက်တွဲပြီးတော့ ဟန်ချက်ညီညီ တိုက်ပွဲဝင်ရမယ်ဆိုတာ ပြောကြားတယ်။ တိုက်ပွဲမှာ စစ်ရေးမှာ အဓိကအောင်မြင်မှုရနိုင်တာ COC ကောင်းကောင်းရှိဖို့။ ဒီအထဲမှာ မဝင်နိုင်သေးတဲ့ ကာလမှာလည်း လွတ်လပ်စွာလှုပ်ရှားတဲ့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ကလည်း ညှိနှိုင်းလက်တွဲပြီးတော့ ဆောင်ရွက်ခြင်းအားဖြင့် ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်က အမြန်ဆုံး တိုက်ဖျက်နိုင်မှာ ဖြစ်ပါတယ်။”
ဒီဇင်ဘာ ၉ ရက်နဲ့ ၁၄ ရက်နေ့တွေတုန်းက ဖမ်းဆီးခံထားရတဲ့ BNRA ဒုရင်းမှူးနဲ့ ကန့်ဘလူခရိုင်တပ်ရင်း-၄ တာဝန်ရှိသူတွေ တွေ့ဆုံမှုရှိခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက် တွေ့ဆုံရာမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ BNRA ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့အတွက် တွေ့ဆုံညှိနှိုင်းဖို့ BNRA ဘက်က ကြိုးစားခဲ့ပေမဲ့ ဖုန်းအဆက်အသွယ် အဖြတ်ခံထားရတယ်လို့ သူက ပြောပါတယ်။
“လက်နက် ၃ လက်ပါ ပါသွားတယ်။ တွေ့ဆုံညှိနှိုင်းဖို့လို့ ပြောတဲ့အခါကျတော့ ကလေးတွေက လမ်းခရီးမှာ လက်နက်ရော ပါသွားတာပေါ့။ အဲဒီလက်နက် ၃ လက်ပါ ဖမ်းထားတယ်။ ရဲဘော် ၁၁ ယောက်ကိုတော့ ကျနော်တို့ တင်းတင်းမာမာပြောတဲ့နောက်မှာ ပြန်လွှတ်ပေးတယ်။ ဒါပေမဲ့ ဒုရင်းမှူးရယ်၊ ခွဲမှူးရယ်၊ စုမှူး၊ စိတ်မှူးရယ်၊ နောက် ရပ်ကျေးခေါင်းဆောင်တွေကိုပါ ဖမ်းထားတယ်။ အဲ့ဒါအပြင် နောက်ထပ် မနေ့က အဲ့ဒီရပ်ကျေးပကဖခေါင်းဆောင်ကို လာတွေ့တဲ့ သူ့ရဲ့တပည့်တွေ ခင်ဦးက ကလေးတွေကိုပါ ဖမ်းတယ်။ BNRA အောက်ကလား ဆိုပြီးဖမ်းတယ်။ နောက် မဟုတ်ပါဘူး၊ ကလေးတွေက Local တွေပါပြောတော့ ပြန်လွှတ်တယ်တဲ့။ ဒါပေမဲ့ အဲဒီ ကိုအောင်ဇော်ဦး (ရပ်ကျေးခေါင်းဆောင်) တို့ကို ထောက်ပို့နေပါတယ် ဆိုပြီးတော့ အမျိုးသမီးတယောက်ကို မနေ့က ဖမ်းလိုက်တယ်လို့ပြောတယ်။ ဒီကနေ့အထိ ဘာမှ ရေရေရာရာ တိတိကျကျ အကြောင်းမပြန်တာက ဒါက ရည်ရွယ်ချက်ရှိရှိလုပ်တဲ့ အစီအစဉ်လို့ ကျနော်က ယူဆတယ်။”
ဗိုလ်နဂါးဟာ ပုလဲမြို့နယ်က လူငယ်တွေကို စုစည်းပြီး တော်လှန်ရေး အစောပိုင်း ကာလကတည်းက ပုလဲ LPDF ခေါင်းဆောင်တဦးအဖြစ် လူသိများလာပါတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်း အင်အားကောင်းလာပြီး ပုလဲ LPDF ကနေ မြန်မာ့တော်ဝင်နဂါးတပ်တော်အဖြစ် အမည်ပြောင်းလဲကာ စစ်ကိုင်းတိုင်း မြို့နယ်တော်တော်များများအထိ အင်အားဖြန့်နိုင်ခဲ့ပါတယ်။
၂၀၂၃ စက်တင်ဘာလဆန်းပိုင်းမှာတော့ ဗိုလ်နဂါးဟာ သူ့ရဲ့တပ်ကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖြစ် ထပ်မံအမည်ပြောင်းခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က တပ်ရင်းတခုဟာလည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ကို နယ်မြေ ဖြတ်သန်းခွင့်မပေးတဲ့ ဖြစ်စဉ် အမြဲကြုံနေရတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၈ ရက်နေ့က ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်အပေါ် PLA က NUG ရဲ့ စစ်ကိုင်းတိုင်း စစ်ရုံးကို ပေးပို့တဲ့စာမှာ ဖော်ပြထားတာပါ။
စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ အသွားအလာ ကိစ္စတွေ၊ လှုပ်ရှားမှုတွေမှာ NUG လက်အောက်က တပ်ရင်း တပ်ဖွဲ့တွေရဲ့ တားဆီးပိတ်ပင်နေတာတွေနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရုံးကိုလည်း စာပေးပို့ အကြောင်းကြားတာကို တွေ့ရပါတယ်။
ဒီဇင်ဘာ ၁၈ ရက်နေ့က PLA ရဲဘော်တွေဟာ ရွှေဘိုအရှေ့ခြမ်းက အထိုင်စခန်းကို အပြန်ခရီးလမ်းမှာ သတင်းပို့ဖြတ်သန်းတဲ့အခါ ကင်းဂိတ်ချထားတဲ့ ရွှေဘိုမြို့နယ် တပ်ရင်း ၅ က တားဆီးခဲ့တာလို့ ဆိုပါတယ်။
ပြီးတော့ တပ်ရင်း ၅ က ရဲဘော်တွေဟာ လက်နက်အပြည့်အစုံနဲ့စုပြီး PLA က ရဲဘော်တွေ ရှေ့ဆက်သွားရင် စစ်ရေးအရ တုံ့ပြန်မယ့် အခြေအနေမျိုး ဖန်တီးခဲ့တယ်လို့လည်း ဆိုပါတယ်။
တပ်ရင်း ၅ ရဲ့ တပ်ရင်းမှူးကို ဖုန်းဆက်ပြီး ဖြတ်သန်းခွင့်တောင်းတဲ့အခါမှာလည်း “ငါတို့ထိုင်ထားတဲ့နယ်မြေမှာ မင်းတို့သင်တန်းလုပ်တာလည်း ငါတို့ လုံးဝခွင့်မပြုဘူး။ ဖြတ်သန်းသွားလာခွင့်လည်း မပေးနိုင်ဘူး။ မဖြတ်နဲ့လို့ ငါပြောပြီးသား။ မင်းတို့လည်း လုပ်စရာရှိတာလုပ်၊ ငါတို့လည်း လုပ်စရာရှိတာလုပ်မယ်” လို့ ပြောပြီး ဖုန်းချသွားခဲ့တယ်လို့ စာမှာ ဖော်ပြပါတယ်။
ဒါ့အပြင် တပ်ရင်း ၅ က ရဲဘော်တွေကို တားမြစ်ခဲ့တဲ့ ရွာအနီးပတ်လည်မှာ လက်နက်အပြည့်အစုံနဲ့ ပိုက်စိပ်တိုက် ကင်းချထားခဲ့တာကြောင့် PLA ရဲဘော်တွေဟာ သူတို့ အထိုင်စခန်းကို မသွားနိုင်တော့ဘဲ တခြားမြို့နယ်က PLA တပ်ဆီကို ပြန်လှည့်ခဲ့ရတယ်လို့ ဆိုပါတယ်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဟာ ဗမာပြည်ကွန်မြူနစ်ပါတီက ၂၀၂၁ ခုနှစ်၊ မတ်လမှာ ထူထောင်ထားတဲ့ တပ်မတော်ဖြစ်ပြီး လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးမှာ မဟာမိတ်တပ်အနေနဲ့ ပါဝင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
သုတချမ်းသာ