ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ ဒီဇင်ဘာ ၁၈ ရက် ညပိုင်းက ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတချို့ သေဆုံးကာ ၆ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
သံတွဲမြို့နယ်ဘက်ကနေ တောင်ကုတ်မြို့ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၅၀ ကျော်လောက်ပါတဲ့ ကား ၃ စီးကို ဒီဇင်ဘာ ၁၈ ရက် ည ၁၀ နာရီ ၃၅ မိနစ်လောက်မှာ ရက္ခိုင့်တပ်တော် (အေအေ) က ကမ်းဒေးနဲ့ ရွာပကာ ရွာကြားက တံတားထိပ်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ အေအေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတချို့ သေဆုံးကာ ၆ ယောက်လောက်ကတော့ ကားမှန်စထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး ဒီဇင်ဘာ ၁၉ ရက်နေ့က တောင်ကုတ်မြို့ ပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရကြောင်း အတွင်းသတင်းရရှိတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ နေရာရဲ့ အနီးပတ်ဝန်းကျင်တွေကိုတော့ တောင်ကုတ်မြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ စခက ၅ တပ်မက လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ကူပေးနေတယ်လို့ ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲတွေကြောင့် ကမ်းဒေး၊ ချောင်းသုံးခွ၊ သပြို့ကျေးရွာတွေ အပါအဝင် တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာနားတဝိုက်က ကျေးရွာတွေမှာရှိတဲ့ ဒေသခံပြည်သူတွေဟာ ညတွင်းချင်း ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းက မြို့နယ်ပေါင်း ၁၆ မြို့နယ်မှာ အောက်တိုဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်အထိ စစ်ကောင်စီရဲ့ ဗျူဟာကုန်း၊ နယ်ခြားစောင့်စခန်းတွေ အပါအဝင် စစ်စခန်းပေါင်း ၁၄၂ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ရက္ခိုင့်တပ်တော် (အေအေ) က ထုတ်ပြန်ထားပါတယ်။