ရန်ကုန်မှာရှိတဲ့ လျှပ်စစ်မီးဓာတ်တိုင်တွေကို အသုံးပြုပြီး သွယ်တန်းထားတဲ့ ပုဂ္ဂလိက ဝိုင်ဖိုင်အင်တာနက်ကြိုးလိုင်းတွေကို စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနက ဓားတွေနဲ့ ခုတ်ဖြတ်ပြီး ဖျက်ဆီးနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းပိုင် ဓာတ်တိုင်ပေါ်မှာ တရားမဝင်သွယ်တန်း ထားတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဖိုင်ဘာကေဘယ်ကြိုးတွေ (ဝိုင်ဖိုင်ကြိုး) တွေကို မိမိတို့အစီအစဉ်နဲ့ ဖယ်ရှားဖို့ အသိပေးကြေညာခဲ့ပေမယ့် ဖယ်ရှားတာမျိုးမရှိတာကြောင့် အခုလို ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။
“လျှပ်စစ်က လာပြီးတော့ ဓာတ်တိုင်မှာရှိသမျှ ကြိုးတွေအကုန် ဓားနဲ့ခုတ်ဖြတ်သွားတာ။ ရပ်ကွက်ထဲက ဝိုင်ဖိုင်တပ်ထားတဲ့သူတွေ တော်တော်များများ လိုင်းတွေပြတ်ကုန်တယ်။ ရုံးတွေကို ဆက်တော့ ၂၄ နာရီအတွင်း ပြင်ပေးပါ့မယ်ပဲ ပြောကြတာ။ မလွယ်လောက်ဘူး။ နောက်တခါထပ်တပ်ရင် နောက်တခါ ထပ်အဖျက်ဆီးခံရမှာပဲ” လို့ အင်းစိန်မြို့နယ်နေ ငွေလဲ/ငွေထုတ်လုပ်ကိုင်နေထိုင်သူတဦးက ပြောပါတယ်။
အဲ့ဒီဝိုင်ဖိုင်ကြိုးတွေကို လျှပ်စစ်ဌာနက လာရောက်ဖျက်ဆီးချိန်မှာ လုံခြုံရေးအနေနဲ့ စစ်ကောင်စီတပ်က DC ကားတွေနဲ့ လုံခြုံရေးယူပေးတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီး ၂ နှစ်ခန့်ကြာပြီးတဲ့နောက် စစ်ကောင်စီဟာ ဓာတ်တိုင်တွေမှာ ခွင့်ပြုချက်မရှိဘဲ ဝိုင်ဖိုင်ကြိုးတွေကို တပ်ဆင်တာဟာ တရားမဝင်ဘူးလို့ဆိုကာ ဖယ်ရှားရှင်းလင်းပေးဖို့ စာထုတ်ပြန်ခဲ့ပြီးနောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ကတော့ ဒီနှစ်လယ်လောက်မှာ MPT တံဆိပ်ပါ ဝိုင်ဖိုင်တပ်ဆင်နိုင်မယ့် တိုင်တွေကို လိုက်လံစိုက်ထူခဲ့ပါတယ်။
အခုလ ၁၁ ရက်ကစပြီး ရန်ကုန်တိုင်းရှိ မြို့နယ်တချို့မှာ ဝိုင်ဖိုင်ကုမ္ပဏီတွေရဲ့ ဝန်ထမ်းတွေနဲ့ လျှပ်စစ်ဌာနက ဝန်ထမ်းတွေဟာ ဓာတ်တိုင်တွေကို အသုံးပြုပြီး တပ်ဆင်ထားတဲ့ ဝိုင်ဖိုင်ကြိုးတွေကို အထိအခိုက်မရှိ ဖယ်ရှားနေသလို တချို့နေရာတွေမှာတော့ ကြိုးတွေကို ဖျက်ဆီးရှင်းလင်းနေကြတာပါ။