မြောက်ပိုင်းညီနောင်တိုင်းရင်းသားအဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား သဘောတူထားတဲ့ကိစ္စကို အမြန်ဆုံး အကောင်အထည်ဖော်လုပ်ဆောင်ဖို့ တရုတ်အစိုးရက တိုက်တွန်း ပြောကြားလိုက်ပါတယ်။
မြန်မာပြည်မြောက်ပိုင်းက သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့တွေနဲ့ စစ်ကောင်စစ်တပ် အကြား ယာယီအပစ်ရပ် သဘောတူညီမှုရထားတယ်လို့ တရုတ်အစိုးရက ပြောနေပေမဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ကုလသမဂ္ဂအေဂျင်စီတွေက ထုတ်ပြန်တာနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၁၉ ရက်က ပေကျင်းမြို့မှာကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ဘင်းက ပြောကြားလိုက်တာပါ။
မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်တဲ့အဖွဲ့တွေအနေနဲ့ သဘောတူညီခဲ့တဲ့အရာ အထမြောက် အကောင်အထည်ဖော်ဖို့ ကြိုးစားအားထုတ်မှု အရှိန်မြှင့်လုပ်ဆောင်နိုင်ဖို့ တရုတ်နိုင်ငံက မျှော်လင့်ပါတယ်လို့ ဝမ်ဝန်ဘင်းက ပြောပါတယ်။
မြေပြင်မှာ တင်းမာနေတဲ့ အခြေအနေတွေ လျော့နည်းသက်သာသွားအောင် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့၊ ကြိုးကြားကြိုးကြား ထိပ်တိုက်ရင်ဆိုင်ဖြစ်နေတာကို ချက်ချင်း စီမံကိုင်တွယ်ဖြေရှင်းဖို့၊ မြန်မာနိုင်ငံမြောက်ပိုင်းရဲ့ အခြေအနေ ထိခိုက်ဆုံးရှုံးမှုဖြစ်စေဘဲနဲ့ ဖြေရှင်းနိုင်အောင် အတူတကွ နားလည်သဘောပေါက်လာဖို့ မျှော်လင့်တယ်လို့လည်းဆိုပါတယ်။
မစ္စတာဝမ်ဝန်ဘင်းက “မြန်မာပြည်မြောက်ပိုင်းငြိမ်းချမ်းရေးဖြစ်စဉ်ကို တရုတ်နိုင်ငံက ထောက်ခံပြီးတော့ မြန်မာနိုင်ငံက သက်ဆိုင်သူတွေအကြားမှာ ဆွေးနွေးဖို့နဲ့ ထိတွေ့ ဆက်ဆံဖို့အတွက် အထောက်အပံ့နဲ့ ကြားဝင်စေ့စပ်တာတွေ ပံ့ပိုးပေးခဲ့ပါတယ်။ ကျနော်တို့ရဲ့ ရပ်တည်ချက်က အပြောင်းအလဲမရှိ တသမတ်တည်းဖြစ်ပါတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်က တရုတ်အစိုးရရဲ့ အစီအစဉ်နဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ ညီနောင်တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့နဲ့ စစ်ကောင်စီကိုယ်စားလှယ်တို့ မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ဒီဆွေးနွေးပွဲဟာ အပြုသဘောဆောင်တဲ့ ရလဒ်ကောင်းတွေ ထွက်ပေါ်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရက ပြောခဲ့ပါတယ်။
စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း တိုးတက်မှု အခြေအနေအပေါ် မူတည်ပြီး ဒီလကုန်လောက် ထပ်တွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်လို့ပြောဆိုခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အတည်ပြုလို့မရသေးတဲ့ သတင်းတချို့ကတော့ လောက်ကိုင်မြို့ကနေ စစ်တပ် ပြန်လည်ထွက်ခွာပေးရမယ်၊ လောက်ကိုင်ကို ကိုးကန့်တပ်မတော် MNDAA က အုပ်ချုပ်ခွင့်ရမယ်။ ဒီလကုန်အထိ စစ်တပ်နဲ့ MNDAA တို့ အပစ်ရပ်ထားမယ်လို့ လည်း သဘောတူညီချက်ရထားတယ်လို့ ဖော်ပြကြပေမဲ့ တရားဝင်ထုတ်ပြန်တာတော့ မရှိပါဘူး။
ဒီဇင်ဘာ ၁၂ ရက် ညီနောင် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာပြည်သူလူထု မျှော်လင့်တဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို ညီနောင် ၃ ဖွဲ့အနေနဲ့ လျစ်လျူရှုမှာမဟုတ်တဲ့အပြင် နောက်ပြန်လှည့်သွားမှာမဟုတ်ကြောင်း၊ လတ်တလော တွေ့မြင်နေရတဲ့ သတင်းတချို့ကြောင့် မြန်မာပြည်သူတရပ်လုံးအနေနဲ့ စိုးရိမ်ပူပန်မှုမရှိကြစေဖို့နဲ့ ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝတဲ့အထိ မြန်မာပြည်သူ တရပ်လုံးနဲ့ လက်တွဲ လုပ်ဆောင်မယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီနောက် ဒီဇင်ဘာ ၁၄ ရက် ညပိုင်းမှာ မြန်မာ-တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးက စစ်ကောင်စီဗျူဟာကုန်းကို MNDAA နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ကလည်း ရှမ်းပြည်မြောက်ပိုင်းက နမ့်ခမ်းမြို့ကိုသိမ်းပိုက်ခဲ့သလို ရက္ခိုင့်တပ်တော် (အေအေ)ကလည်း စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
PHOTO-FMPRC CHINA