မနေ့ညက ကစားသွားခဲ့တဲ့ EFL လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ ချဲလ်ဆီးအသင်းက နယူးကာဆယ်ကို အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။
ပွဲချိန် ၁၆ မိနစ်ကတည်းက နယူးကာဆယ်က ဝီလ်ဆင်ရဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ပေမဲ့ ပွဲပြီးခါနီးမှာ ထရစ်ပီယာရဲ့ အမှားကနေ မူဒရစ်က ချေပဂိုးသွင်းခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရတာပါ။
ပင်နယ်တီကန်သွင်းရာမှာ နယူးကာဆယ်ဘက်က ထရစ်ပီယာနဲ့ ရစ်ချီတို့ ဂိုးမဝင်ခဲ့ဘဲ ချဲလ်ဆီးဘက်က ၄ ဦးစလုံး ဂိုးဝင်ခဲ့တာကြောင့် ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားခဲ့တာပါ။
တခြားကွာတားပွဲစဉ်တွေမှာ ဖူလ်ဟမ်အသင်းက အဲဗာတန်အသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ ၇ ဂိုး ၆ ဂိုးနဲ့ အနိုင်ရပြီး မစ်ဒယ်ဘရော့က ပေ့ါသ်ဗေးအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပါတယ်။
လက်ကျန်ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် လီဗာပူးနဲ့ ဝက်စ်ဟမ်းတို့ ဒီနေ့ည ယှဉ်ပြိုင်သွားရမှာပါ။ အနိုင်ရတဲ့အသင်းက ချဲလ်ဆီးနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ် ကစားရမှာဖြစ်ပြီး နောက်ထပ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ဖူလ်ဟမ်နဲ့ မစ်ဒယ်ဘရော့တို့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
Photo-Reuters