ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပိတ်ထားတာကြောင့် လမ်းဟောင်းဖြစ်တဲ့ ထို့ကော်ကိုး တောင်တက်လမ်းကနေ သွားနေတဲ့ အန်စာတုံးအဖြူရောင် ခရီးသည်တင်ကားတစ်စီး ဒီဇင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက လမ်းဘေး ချောက်ထဲ ထိုးကျခဲ့တယ်လို့ ကုန်တင်ယာဉ်မောင်းသမားတွေဆီက သိရပါတယ်။
အာရှလမ်းမကြီးပိတ်ထားချိန် ကုန်စည်စီးဆင်းမှုနဲ့ ခရီးသည်တွေ သွားလာရေးအဆင်ပြေစေဖို့ ထို့ကော်ကိုးလမ်းဟောင်းကို အသုံးပြုလာကြရာမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ မကြာခဏဖြစ်တာကြောင့် ဒီဇင်ဘာ ၁၈ ရက်ကစပြီး အတက်ရက် အဆင်းရက် သတ်မှတ်ပေး ထားတယ်လို့ သိရပါတယ်။
ကုန်တင်ယာဉ်မောင်းတစ်ဦးက "ဒီနေ့က အဆင်းရက်လေ၊ သူ့ကားက တင်ထားတဲ့ ဝိတ်များနေတယ်၊ နောက်ပြီး ကားလည်း သိပ်မကောင်းဘူး၊ တောလမ်းတွေ မောင်းရတာဆိုတော့ ပိုဆိုးတာပေါ့၊ နေ့လယ်ပိုင်းအချိန်ဖြစ်လို့ တော်သေးတယ်၊ ညဘက်ဆို မလွယ်ဘူး"လို့ ပြောပါတယ်။
ယာဉ်တိမ်းမှောက်မှုမှာ ခရီးသည်တယောက် ပွန်းပဲ့ဒဏ်ရာတွေ ရရှိပြီး ယာဉ်မောင်းကတော့ နံရိုးကျိုးလို့ ဆေးရုံပို့ပေးထားရတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၉ ရက်ဟာ မြဝတီဘက်မှ ဘားအံ၊ မော်လမြိုင်၊ ရန်ကုန်ဘက်ကို သွားမယ့် ယာဉ်တွေ အဆင်းရက်လည်း ဖြစ်တယ်လို့ ယာဉ်မောင်းသမားတွေဆီက သိရပါတယ်။
ဒေသခံယာဉ်မောင်းတစ်ဦးက “လမ်းက တောလမ်းဆိုတော့ အရမ်းကြမ်းတယ်၊ အကာအရံ မရှိဘူး၊ ကျဉ်းတဲ့ နေရာတွေ တော်တော်သတိထားမောင်းရတယ် ဝိတ်များ လို့မရဘူး"လို့ ပြောပါတယ်။