ဂါဇာတောင်ပိုင်းရှိ ရာဖှာဧရိယာမှာ အစ္စရေးရဲ့ ဒုံးကျည်တွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် နေအိမ် ၃ လုံးကို ထိမှန်ခဲ့ပြီး ပါလက်စတိုင်း အနည်းဆုံး အယောက် ၂၀ သေဆုံးသွားကြောင်း ဂါဇာ ကျန်းမာရေးအရာရှိတွေက ဒီဇင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။
ပါလက်စတိုင်းဒေသခံ ရာမီအဘူဇူရဘ်က “မနက် ၆ နာရီက စပြီး လူတွေကို ဆွဲထုတ်တာဖြစ်ပြီး ဘာကိရိယာမှ မရှိလို့ လက်တွေနဲ့ပဲ ဆွဲထုတ်တာမှာ အလောင်း နှစ်လောင်း ထွက်လာတယ်။ အပျက်အစီးတွေအောက်မှာလည်း လူ ၁၀ ယောက်လောက် ရှိနေတာကြောင့် ဘူဒိုဇာ ယူလာပြီး ဆွဲထုတ်ခဲ့ရတယ်”လို့ ပြောပါတယ်။
ဗုံးဒဏ်ကြောင့် အနီးနားက နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ ထောင်နဲ့ချီတဲ့ အိုးအိမ်မဲ့ ပါလက်စတိုင်းတွေဟာ မြောက်ဘက်ကို အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကနေ လွတ်မြောက်ဖို့ အီဂျစ်နဲ့ ဂါဇာနယ်စပ်ရှိ ရာဖာမြို့ကို ၀င်ရောက်လာကြပြီး အဲဒီမှာလည်း ဘေးကင်းလုံခြုံမှု မရှိမှာကို စိုးရိမ်နေကြပါတယ်။
၂ လကျော်ကြာ စစ်ပွဲအတွင်း ပါလက်စတိုင်း ၁၉,၄၅၃ ဦး သေဆုံးပြီး ၅၂,၂၈၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
ဟားမတ်စ်တွေအပေါ် အစ္စရေးရဲ့ ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မှုကြောင့် အရပ်သားသေဆုံးမှု၊ ငတ်မွတ်မှုနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်မှုအပေါ် အစိုးရတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအကြား စိုးရိမ်မှုတွေ တိုးလာခဲ့ပါတယ်။
Source/Photo - Reuters