ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ကလပ်အသင်းများဖလား နောက်ဆုံးဗိုလ်လုပွဲအဖြစ် ဥရောပချန်ပီယံ မန်စီးတီးအသင်းနဲ့ တောင်အမေရိကချန်ပီယံ ဘရာဇီးကလပ်အသင်း ဖလူးမင်နိစ်တို့ လာမယ့်သောကြာနေ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
မနေ့ကကန်သွားတဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မန်စီးတီးအသင်းဟာ ဂျပန်ထိပ်သီးကလပ် ဥူရာဝါရက်ဒ်ဒိုင်းမွန်းအသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်လာတာ ဖြစ်ပါတယ်။
ဘရာဇီးကလပ် ဖလူးမင်နိစ်အသင်းကလည်း ဆီမီးဖိုင်နယ်မှာ အီဂျစ်ကလပ် အယ်လ်ဟာလီအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ကမ္ဘာ့ကလပ်အသင်းများဖလား နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
ဖလူးမင်နိစ်အသင်းဟာ ဂျွန်အားရီးယက်စ်နဲ့ ဂျွန်ကနေဒီတို့ရဲ့ သွင်းဂိုးတွေနဲ့ အီဂျစ်အသင်းကို ခက်ခက်ခဲခဲ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တက်ရောက်ခွင့်ရရှိသွားတဲ့ ဘရာဇီးကလပ်အသင်း ဖလူးမင်နိစ်ကို အားပေးတဲ့ ပရိသတ်တွေက လမ်းမတွေပေါ်ထွက်ပြီး အောင်ပွဲခံခဲ့ကြပါတယ်။
ပြိုင်ပွဲအပြီးမှာတော့ ဖလူးမင်နိစ်အသင်းနည်းပြဖြစ်သူက အသင်းကစားသမားတွေကို ချီးကျူးခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် ဖိုင်နယ်ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်သွားမယ်လို့ ပြောပါတယ်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာကလည်း လာမယ့်ဗိုလ်လုပွဲမှာ ချန်ပီယံလိဂ်တုန်းက ဗိုလ်စွဲသလိုမျိုး မယုံနိုင်လောက်အောင် လုပ်ပြဖို့လိုပါတယ်၊ အခုလို ကမ္ဘာ့ကလပ်အသင်းများဖလား ဗိုလ်လုပွဲကစားရတာ ဘဝမှာ ပထမဆုံးအကြိမ်ဖြစ်တယ်၊ ဒါဟာ ကလပ်အသင်းအတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ ကစားသမားတွေ အားလုံးက သိကြပါတယ်လို့ ပြောပါတယ်။
Photo-Reuters