မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုကို အချိန်နဲ့တပြေးညီ ထောက်လှမ်းအကဲဖြတ်မယ့် စနစ်တခုကို အမေရိကန်၊ ဂျပန်တို့နဲ့အတူ စတင်လုပ်ဆောင်လိုက်ပြီဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၉ ရက်မှာ ပြောကြားလိုက်ပါတယ်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျောင်န်ဟာကျူက “ဒီနေ့မှာတော့ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်တို့ဟာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်သတိပေးစနစ်ကို အချိန်နဲ့တပြေးညီ မျှဝေပေးခြင်းကို တရားဝင် စတင်လိုက်ပြီဖြစ်ကြောင်းနဲ့ နှစ်ပေါင်းများစွာ သုံးစွဲနိုင်တဲ့ ၃ နိုင်ငံ လေ့ကျင့်ရေးအချိန်ဇယားကိုလည်း တရားဝင် မျှဝေလိုက်ကြောင်း”ကြေညာခဲ့ပါတယ်။
ဒီကနေ့ရရှိခဲ့တဲ့ ပူးပေါင်းဆောင်ရွက်ချက် အောင်မြင်မှုတွေဟာ ၃ နိုင်ငံကြား လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ခေတ်သစ်ဆီကို ဦးတည်သွားစေဖို့ မျှော်လင့်ကြောင်းလည်း ဆိုပါတယ်။
ဒီ ၃ နိုင်ငံဟာ ကိုရီးယားကျွန်းဆွယ်နဲ့ ကျွန်းဆွယ်ကိုတောင် ကျော်လွန်လွှမ်းခြုံပြီး အင်ဒို-ပစိဖိတ်ဒေသတွင်း သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် ခိုင်မာစေပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အာမခံထားကြောင်း ပြောပါတယ်။
မဟာမိတ်တွေအကြားမှာ နောက်ထပ် ၃ နိုင်ငံ စစ်ရေးလေ့ကျင့်မှုတွေကိုလည်း ပြုလုပ်မှာဖြစ်ကြောင်း တောင်ကိုရီးယားက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုကို ကန့်ကွက်တယ်ဆိုပြီး မြောက်ကိုရီးယားက တာဝေးပစ်ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး နောက်တရက်အကြာမှာ အခုလို ကြေညာချက် ထွက်လာတာ ဖြစ်ပါတယ်။
Source/Photo-Reuters