ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ရေပေးဝေရေးဌာနရှိ ဝန်ထမ်းတွေဟာ မြို့နယ်အတွင်းက ရပ်ကွက်တွေမှာ ရေမီတာခကို မြေပြင်ဆင်းပြီး စစ်ဆေးတွက်ချက်ခြင်းမပြုဘဲ ရမ်းကောက်ခံနေတာကြောင့် အသုံးပြုသူတွေ ရေမီတာခ ပိုပေးဆောင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြောက်ဥက္ကလာပမြို့ခံတဦးက “မီတာခကိစ္စက အမှန်ပဲ။ ကျသင့်ငွေထက် ၅ လစာလောက်ကို ပိုနေတာ။ ခံရပေါင်းတွေလည်း များပြီ။ မီတာလည်း တခါမှ လာမဖတ်ကြဘူး။ ရေမီတာစာရွက် လာပေးတိုင်းလည်း မီတာကို ယောင်လို့တောင် တချက်မကြည့်သွားကြဘူး။ သူတို့ရမ်းကောက်သမျှ ပေးနေရတာ။ အိမ်မှာက နှစ်ယောက်တည်းနေတာ။ ဩဂုတ်လတုန်းက ၄,၅၀၀ ကျော်၊ စက်တင်ဘာလမှာ ၁၇,၀၀၀ ကျော်လောက် ကျသွားတာ။ ရုံးကို ဒီကိစ္စ သွားမေးတိုင်း ရေသန့်ဌာနတာဝန်ခံနဲ့ တခါမှ ပေးမတွေ့ဘူး” လို့ ပြောပါတယ်။
မြောက်ဥက္ကလာပမြို့နယ်အတွင်းမှာ ပါဝင်တဲ့ ဝေဘာဂီမြို့သစ်နဲ့ ရွှေပေါက္ကံမြို့သစ်တွေရှိ စစ်မှုထမ်းဟောင်းတွေ အများစုနေထိုင်ကြတဲ့ ရပ်ကွက်တွေက ရေမီတာတွေမှာတော့ စစ်အာဏာသိမ်းပြီးကာလ ၂၀၂၁ ခုနှစ် နောက်ပိုင်းကတည်းက ရေမီတာခတွေကို ယူနစ်တသမတည်း သတ်မှတ်ကောက်ခံနေကြပါတယ်။
မြောက်ဥက္ကလာပစည်ပင်ဝန်ထမ်းဟောင်းတဦးက “ယူနစ်ကွာတဲ့ ပြဿနာက နိုင်ငံရေးအပြောင်းအလဲ မဖြစ်ခင်ကတည်းပါ။ အခုက ပိုဆိုးတာပေါ့။ ဝန်ထမ်းအင်အား နည်းသွားတာလည်း ပါတယ်။ မြေပြင်ဆင်းချိန်က ရေမီတာသစ်တပ်ဆင်ချိန် ပိုက်ဆက်ချိန်လောက်ပဲ ရှိတော့တယ်။ အိမ်တွေက မီတာခွက်နဲ့ ချလံက ကွာတာနဲ့ မီတာခကောက်ချိန်မှာ ပြောကြတာပဲ။ ဒါပေမဲ့ အပြင်က ရေဝယ်သုံးတာထက်စာရင် တန်ပါတယ်ဆိုပြီး တချို့က အားနာတတ်တော့ မြို့နယ်ရုံးအထိ မရောက်တော့ဘူး” လို့ ပြောပါတယ်။
လက်ရှိမှာ စည်ပင်ရေသန့်ဌာနက ပေးဝေတဲ့ရေကို သုံးစွဲပါက တယူနစ်ကို ကျပ် ၁၁၀ နှုန်းနဲ့ ပေးဆောင်နေရပြီး ရေဖြန့်ဖြူးပေးရေးဝန်ဆောင်ခလို့ ဆိုကာ ကျပ် ၁,၀၀၀ သီးသန့်ပေးဆောင်နေကြရပါတယ်။
ရေမီတာကို လာရောက်စစ်ဆေးတွက်ချက်ခြင်းမရှိဘဲ ရမ်းကောက်နေတာကြောင့် စည်ပင်ဌာနက ပေးဝေတဲ့ရေကို တပ်ဆင်ပြီး မသုံးစွဲတဲ့အိမ်တွေက ရေမီတာဒိုင်ခွက်မှာ မီတာမတက်ပေမဲ့ ရေခွန်ကောက်ခံတဲ့ ချလံမှာ ရေးထားတဲ့ယူနစ်အတိုင်း ပေးဆောင်နေရကာ မဆောင်ပါက ရက်လွန်ကြေးပေးနေရတဲ့ အိမ်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။