နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးအယူခံအမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဒီဇင်ဘာ ၁၈ ရက်က ပယ်ချခဲ့တယ်လို့ တရားရေးနဲ့ နီးစပ်တဲ့ အသိုက်အဝိုင်းကနေ သိရပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ ဒေါ်လာ လာလ်စားတယ်လို့ စွပ်စွဲထားတဲ့အမှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့က ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ နှစ်ဖက်ကြားနာခဲ့ပြီး မနေ့က ပယ်ချလိုက်တာဖြစ်ပါတယ်။
တရားရေးနဲ့နီးစပ်သူတစ်ဦးက “ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့က ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ နှစ်ဖက်ကြားနာခဲ့တဲ့ ဦးဖြိုးမင်းသိန်းနဲ့ပတ်သက်တဲ့ အမှုကို မနေ့က ပယ်ချလိုက်တာ ” လို့ ပြောပါတယ်။
ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့အမှုနဲ့ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ စွဲဆိုထားတဲ့အမှုတွေကိုလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ အထူးအယူခံတင်တာ လက်ခံပေးဖို့ လျှောက်ထားပြီး သင့်တော်တဲ့နေ့မှာ အမိန့်ချဖို့ ချိန်းဆိုထားတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်းအမှု ၁၉ မှုနဲ့ တရားစွဲခဲ့ပြီး ထောင်ဒဏ် ၃၃ နှစ် ကျခံနေရာကနေ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြစ်ဒဏ်တချို့ လျှော့ပေးခဲ့ပြီး ထောင်ဒဏ် ၂၇ နှစ် ကျခံနေရဆဲ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ သီးသန့်အဆောက်အဦတစ်ခုမှာထားသလို နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုလည်း တောင်ငူအကျဉ်းထောင်မှာ ဖမ်းဆီးထားပါတယ်။
အမှုအတွက် ရှေ့နေတွေနဲ့ အမှုသည်တွေ ဆွေးနွေးဖို့လိုအပ်တာကြောင့် တွေ့ခွင့်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုထားပေမဲ့ လက်ရှိအချိန်အထိ စစ်ကောင်စီက ခွင့်ပြုမသေးဘူးလို့ သိရပါတယ်။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ဇနီးဖြစ်သူ သမ္မတကတော် ဒေါ်ချိုချိုနဲ့ ထောင်ဝင်စာ တွေ့ခွင့်ပေးခဲ့ပါတယ်။