ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ဒီဇင်ဘာ ၁၈ ရက် အမျိုးသား တယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဖမ်းဆီးခံရသူကတော့ မြောက်ဦးမြို့ နဝရတ်ရွှေဆိုင်ပိုင်ရှင် ဦးစိန်လှမောင်ရဲ့ သား အသက် ၃၉ နှစ်အရွယ် ဦးကျော်နိုင်ဦးဖြစ်ပြီး သူ့ကို မြောက်ဦးမြို့အခြေစိုက် ခလရ ၃၇၇ တပ်ရင်းထဲကို ခေါ်သွားကြတယ်လို့ ဆိုပါတယ်။
မြောက်ဦးမြို့ တောင်ရပ်ကွက်၊ မြို့မစျေးနဲ့ ဗန္ဓုလတံတားကြားမှာ ဒီဇင်ဘာ ၁၈ ရက် ည ၉ နာရီခွဲလောက်မှာ ခလရ ၃၇၇ တပ်ရင်းက စစ်ကောင်စီတပ်သား အင်အား ၃၀ လောက်က ULA/AA နဲ့ ဆက်စပ်မှုရှိတယ်လို့ သံသယဖြစ်ပြီး ဖမ်းဆီးသွားကြတာလို့ မြောက်ဦးမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
သူ့ကို မဖမ်းခင်မှာလည်း တောင်ရပ်ကွက် စာသင်ကျောင်းနားက နေအိမ်တအိမ်က လူငယ်တယောက် အိမ်ရှေ့မှာ အင်တာနက်လိုင်း ထွက်သုံးနေတာကို တွေ့လို့ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့ကြပြီး မိသားစုဝင်တွေက စစ်ကောင်စီတပ်သားတွေကို ခြေသလုံးဖက်ပြီး ဝိုင်းတောင်းပန်ကြတာကြောင့် ပြန်လွှတ်ပေးခဲ့ကြတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ဒေသခံပြည်သူ ၂၀၀ လောက်ကို အေအေနဲ့ ဆက်စပ်တယ်လို့ သံသယမှုအပြင် ဒေသန္တရဥပဒေတွေနဲ့ ဖမ်းဆီးခဲ့ကြတယ်လို့ သိရပါတယ်။