Home
နိုင်ငံတကာ
ဟားမတ်စ်ဖမ်းဆီးထားသည့် အစ္စရေး အဘိုးအို ၃ ဦးက ပြန်လွှတ်ပေးရန် ပန်ကြား
DVB
·
December 19, 2023
Israel_19122023

သက်ကြီးရွယ်အို အစ္စရေးဓားစာခံ ၃ ယောက်က သူတို့ကိုလွှတ်ပေးဖို့ ပန်ကြားထားတဲ့ ၁ မိနစ်စာ ဗီဒီယိုမက်ဆေ့ချ်ကို ဟားမတ်စ် လက်နက်ကိုင်အဖွဲ့က သူတို့ရဲ့ တယ်လီဂရမ်အကောင့်မှာ ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းက နောက်ဆုံးတင်ခဲ့ပါတယ်။

အစ္စရေး စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ် ဟာဂါရီကတော့  အဲဒီဗီဒီယိုကို တရားမဲ့ အကြမ်းဖက်ဗီဒီယိုလို့ ရှုတ်ချပြောကြားလိုက်ပါတယ်။

အဲဒီဗီဒီယိုအတိုထဲမှာ ဘေးချင်းကပ်ထိုင်နေကြတဲ့ သက်ကြီးရွယ်အို ၃ ယောက်ဟာ အစ္စလာမ္မစ်အုပ်စုက အောက်တိုဘာ ၇ ရက်က ဖမ်းဆီးသွားတဲ့ အသက် ၇၉ နှစ်ရှိ ချိုင်းမ်ပယ်ရီ၊ အသက် ၈၀ နှစ်အရွယ် ယိုရမ် မတ်ဇ်ဂါနဲ့ အသက် ၈၄ နှစ်အရွယ် အမီရမ် ကူးပါးတို့ဖြစ်ကြောင်း အစ္စရေးက ဖော်ထုတ်ထားပါတယ်။

ဗီဒီယိုထဲမှာ အလယ်မှာထိုင်နေတဲ့ ပယ်ရီက သူနဲ့ တခြားသက်ကြီးရွယ်အို ဓားစာခံတွေဟာ ကျန်းမာရေးပြဿနာရှိနေကြပြီး အလွန်ကြမ်းတမ်းတဲ့ အခြေအနေမှာ ဆိုးဆိုးရွားရွား ခံစားနေကြရတယ်လို့ ကင်မရာကိုကြည့်ပြီး ဟီဘရူးဘာသာနဲ့ စကားပြောထားတာဖြစ်ပြီး သူတို့ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့လည်း တောင်းဆိုပန်ကြားထားပါတယ်။

ပယ်ရီက သူတို့ဟာ အစ္စရေးနိုင်ငံကို တည်ထောင်ရာမှာ အခြေခံအုတ်မြစ်ကို တည်ဆောက်ခဲ့ကြတဲ့ မျိုးဆက်တွေဖြစ်ပြီး အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ IDF စစ်တပ်ကို စတင်ခဲ့သူတွေဖြစ်ကြောင်းနဲ့ သူတို့ကို ဘာကြောင့် ဒီနေရာမှာ စွန့်ပစ်ထားတယ် ဆိုတာကို နားမလည်ဘူးလို့ ပြောပါတယ်။

သူတို့ကို ခြွင်းချက်မရှိ လွတ်မြောက်အောင် လုပ်ပေးရမှာဖြစ်ကြောင်းနဲ့ ကုန်ကျစရိတ်က အရေးမကြီးကြောင်း၊ IDF စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုရဲ့ တိုက်ရိုက်ရလဒ်ကြောင့် သူတို့ အသေအပျောက် မဖြစ်ချင်ကြောင်းလည်း ဆိုကြပါတယ်။

ဗီဒီယိုထဲမှာ အဘိုး ၃ ယောက်လုံးက သူတို့ ဒီနေရာမှာပဲ အသက် ပိုမကြီးသွားချင်ဘူးလို့ တညီတညွတ်တည်း ပြောထားပါတယ်။

အစ္စရေးစစ်ဘက် ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ် ဟာဂါရီကတော့ သူ့ပြောစကားကို သူတို့ကြားနိုင်မယ်လို့ မျှော်လင့်ပြီး “အဘိုးတို့ ဘေးကင်းစွာ ပြန်ရောက်လာနိုင်ဖို့အတွက် အရာအားလုံးကို ငါတို့လုပ်နေတယ်” လို့ ကတိပေးခဲ့ပါတယ်။

စီအိုင်အေအကြီးအကဲ ဘီလ်ဘန်းစ်ဟာ ကာတာဝန်ကြီးချုပ် မိုဟမ်မဒ် ဘင် အဗ္ဗဒူလ်ရာမန် အယ်လ်ထာနီ၊ အစ္စရေးရဲ့ မော့ဆက် သူလျှိုအေဂျင်စီ အကြီးအကဲတို့နဲ့ တနင်္လာနေ့က ဝါဆောမှာ တွေ့ဆုံမှာဖြစ်ပြီး အစ္စရေးဓားစာခံတွေ လွတ်မြောက်ရေးအတွက် အလားအလာရှိတဲ့ သဘောတူညီချက်အသစ်ကို ဆွေးနွေးမှာဖြစ်ကြောင်း အမေရိကန်အရာရှိ ၂ ဦးက ရိုက်တာကို ပြောကြားခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024