မွန်ပြည်နယ်မှာ စက်သုံးဆီ ဝယ်ယူရခက်ခဲတဲ့အတွက် ခရီးသည်တင် ယာဉ်လိုင်းတချို့ ယာဉ်အစီးရေလျှော့ပြီး ပြေးဆွဲလာနေတယ်လို့ မော်တော်ယာဉ်လိုင်းတွေထံကနေ သိရပါတယ်။
ရန်ကုန်-မော်လမြိုင်-ရေး ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်းမှ တာဝန်ရှိသူတဦးက “အဝေးပြေးယာဉ်လိုင်းတွေအနေနဲ့ စက်သုံးဆီဝယ်ယူရ ခက်ခဲနေကြတဲ့အပြင် စက်သုံးဆီရရှိဖို့ အချိန်ကြာမြင့်အောင် တန်းစီစောင့်ဆိုင်း ဝယ်ယူနေရတာနဲ့ လိုအပ်သလောက် ဝယ်ယူမရတဲ့ အခြေအနေတွေကြောင့် မော်တော်ယာဉ်တွေ ပြေးဆွဲဖို့ အခက်ကြုံနေရတယ်” လို့ ပြောပါတယ်။
ရေး-မော်လမြိုင်-ရန်ကုန် ကားသမားတဦးကလည်း “အဓိက ဆီလိုအပ်သလောက်မရဘူး။ နယ်တွေမှာလည်းမရတော့ အရင်က ကား ၄ စီး ထွက်နိုင်ရင် အခု ၁ စီးပဲထွက်နိုင်တယ်။ ခရီးသည်လည်းမရပြန်၊ ကုန်လေး နည်းနည်းပါးပါးရမှသာ ဆီဖိုးရကြတယ်။ လူလည်းမရ ကုန်လည်းမရရင် စရိတ်တွေက ရှုံးကြတယ်” လို့ ပြောပါတယ်။
လတ်တလော စက်သုံးဆီပြတ်လပ်နေမှုကို သက်ဆိုင်ရာက ဖြေရှင်းနိုင်ခြင်း မရှိသေးတဲ့အပြင် စက်သုံးဆီရရှိရေးအတွက် အချိန်အတန်ကြာ စောင့်ဆိုင်း ဝယ်ယူနေရတာကြောင့် မွန်ပြည်နယ် မြို့နယ်တချို့မှာ စက်သုံးဆီပြတ်လပ်မှုတွေ ကြုံတွေ့နေရတုန်းပဲလို့ ဆီဆိုင်နဲ့နီးစပ်သူတွေက ပြောပါတယ်။
အလားတူ စက်သုံးဆီရရှိမှု ခက်ခဲနေတဲ့အတွက် ခရီးစဉ်ပြေးဆွဲမှု ရပ်နားထားကြရတဲ့ ယာဥ်လိုင်းလည်း ရှိနေပါတယ်။
အရေးပေါ်လူနာတင်ယာဥ်တွေကအစ ရေရှည်အလုပ်လုပ်နိုင်ဖို့ မနည်းရုန်းကန်နေရတယ်လို့ အမည်မဖော်လိုတဲ့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
မွန်ပြည်နယ် မော်လမြိုင်မြို့ကနေ တခြား ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးကို ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်း ၇၀ ထက်မနည်းရှိပြီး ယာဥ်လိုင်း ထက်ဝက်ကျော်လောက်ဟာ စစ်တပ် အာဏာသိမ်းပြီးကာလအတွင်းမှာ ဒေသအတွင်း အခြေအနေ အကြောင်းအမျိုးမျိုးတွေကြောင့် ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာနေကြတယ်လို့ ယာဥ်လိုင်းပြေးဆွဲနေတဲ့သူတွေဆီကနေ သိရပါတယ်။