အနောက်အာဖရိကနိုင်ငံ ဂီနီရဲ့ မြို့တော် ကားနာခရီရှိ အဓိကရေနံဆိပ်ကမ်းမှာ ဒီဇင်ဘာ ၁၈ ရက် အစောပိုင်းက ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၁၃ ဦး သေဆုံးပြီး ၁၈၇ ဦး ဒဏ်ရာရရှိသွားကြောင်း အကြီးတန်း ရဲအရာရှိတဦးက ပြောပါတယ်။
မီးသတ်သမားတွေဟာ မီးလုံးဝငြိမ်းသွားတဲ့ မွန်းလွဲပိုင်းအထိ ငြှိမ်းသတ်ခဲ့လို့ မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ကြောင်း အစိုးရက ပြောကြားခဲ့ပါတယ်။
အစိုးရ ကျန်းမာရေးနဲ့ ပြည်သူ့တကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ ဝန်ကြီး ဆူလီဟာဆန်က“အခုတော့ အခြေအနေက ထိန်းထားနိုင်ပြီဖြစ်ပြီး လောလောဆယ် ပုဂ္ဂလိကဆေးရုံတွေမှာ ၁၀ ယောက် အပါအဝင် လူပေါင်း ၁၇၈ ဦးကို ပြုစုစောင့်ရှောက်ပေးထားကြောင်းနဲ့ ဒဏ်ရာရသူတွေထဲက ၅၀ ရာခိုင်နှုန်းဖြစ်တဲ့ ၈၉ ယောက်က ဆေးကုသမှု ခံယူခဲ့ပြီးတော့ မနက် ၆ နာရီ မထိုးခင်မှာ ဆေးရုံဆင်းပြီး အိမ်ပြန်သွားနိုင်ခဲ့တယ်” လို့ ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ကားနာခရီ မြို့လယ်ရှိ ကလုမ် အုပ်ချုပ်ရေးခရိုင်ကို တုန်ခါ လှုပ်ခတ်သွားခဲ့တာကြောင့် အနီးနားရှိ နေအိမ်ပြတင်းပေါက်တွေ လွင့်ထွက်ကုန်ပြီး လူပေါင်း ရာနဲ့ချီ ထွက်ပြေးခဲ့ကြကြောင်း ရိုက်တာ မျက်မြင်သက်သေတဦးက ပြောပါတယ်။
မီးသတ်သမားတွေ အဲဒီနေရာကို အမြန်သွားရောက်ကြချိန်မှာပဲ မီးတောက်ကြီးတွေနဲ့ မီးခိုးလုံး မည်းမည်းတွေကို မိုင်ပေါင်းများစွာ အကွာအဝေးကတောင် တွေ့မြင်နိုင်ပါတယ်။
ရေနံတင်ကား အများအပြား ဂိုဒေါင်ကနေ ထွက်ခွာသွားချိန်မှာ စစ်သားတွေနဲ့ ရဲတွေက စောင့်ကြပ်ပေးခဲ့ရပြီး ရေနံဆိပ်ကမ်းရဲ့ ပျက်စီးမှု အတိုင်းအတာကိုတော့ မသိရသေးပါဘူး။
မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်း ဇာစ်မြစ်ကို မသိရသေးကြောင်းနဲ့ ဘယ်အဖွဲ့အစည်းမှာ တာဝန်ရှိကြောင်းကို သိရှိနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း အစိုးရက ပြောပါတယ်။
ဂီနီနိုင်ငံဟာ ရေနံထုတ်လုပ်တဲ့နိုင်ငံ မဟုတ်သလို ရေနံသန့်စင်နိုင်စွမ်းလည်း မရှိပါဘူး။ သန့်စင်ပြီးသား ရေနံတွေကို နိုင်ငံထဲတင်သွင်းပြီး အများစုကို ကလုမ်ဆိပ်ကမ်းဂိတ်မှာ သိမ်းဆည်းထားပြီး နိုင်ငံအနှံ့ကို ထရပ်ကားတွေကနေတဆင့် ဖြန့်ဝေတာ ဖြစ်ပါတယ်။
မှောင်ခိုဈေးကွက်မှာ ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် ကားနာခရီ မြို့တော်မှ ၂၆၀ ကီလိုမီတာ အကွာရှိ မဲမူမြို့က ဒေသခံတွေဟာ လောင်စာဆီပြတ်လပ်မှု ဖြစ်နိုင်ချေကို စိုးရိမ်ပြီး ဓာတ်ဆီဆိုင်တွေမှာ ဝိုင်းအုံဝယ်ယူနေကြပါတယ်။
Source/Photo-Reuters