မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ အကျပ်အတည်း ပြဿနာတွေကနေ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးလမ်းစနဲ့ ပတ်သက်ပြီးတော့ အမေရိကန်နဲ့ ကမ္ဘောဒီးယားနိုင်ငံ တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဖနွမ်ပင်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။
ကမ္ဘောဒီးယားနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဌာန၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မဲလစ်ဆာဘရောင်းက ကမ္ဘောဒီးယား နိုင်ငံခြားရေး၀န်ကြီး၊ ဒုတိယဝန်ကြီးချုပ် ဆော့ခ်ချန်ဒါဆိုဖီရာတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ဆွေးနွေးမှုတွေထဲမှာ မြန်မာနိုင်ငံက အကျပ်အတည်းလို ခေါင်းစဉ်တွေ ပါဝင်ပြီး ဒီမိုကရေစီလမ်း ကြောင်းပေါ် ပြန်လည်ထူထောင်ရောက်ရှိနိုင်ဖို့နဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ အာဆီယံနဲ့ အပြုသဘောဆောင်တဲ့ ပုံစံနဲ့ ဆက်လက်လက်တွဲဆောင်ရွက်နိုင်ဖို့ စတာတွေ ကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ ဘရောင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
သည်ပို့စ်ထ် သတင်းဌာနရဲ့ မေးခွန်းကို ဖြေကြားရာမှာတော့ သူက မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အလွန်ရှုပ်ထွေးပြီး ဒါကိုဖြေရှင်းဖို့အတွက် နိုင်ငံအများအပြားနဲ့ အဖွဲ့အစည်း အများအပြားလိုအပ်တဲ့အပြင် အာဆီယံနဲ့ ကုလသမဂ္ဂအဖွဲ့တွေက အရေးယူဆောင်ရွက်သင့်တာတွေ လုပ်ဆောင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
“ကမ္ဘောဒီးယားနဲ့ စိန်ခေါ်မှုတွေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ဖြေရှင်းနည်းတွေကနေတဆင့် ကျမတို့ မြင်တာတွေကို ဆွေးနွေးနိုင်ပါတယ်။ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုမှာ အာဆီယံကို ဘယ်လို ပံ့ပိုးပေးနိုင်မလဲ၊ ကုလသမဂ္ဂမှာရော ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ ဆိုတာတွေကို ဆွေးနွေးနိုင်ပါတယ်။”
ဒါ့အပြင် မြန်မာနိုင်ငံတွင်းက တိုးပွားလာနေတဲ့ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေနဲ့ လူကုန်ကူးမှုဆိုင်ရာ ကိစ္စရပ်တွေအပေါ်လည်း စိုးရိမ်ပူပန်မိတယ်လို့ ဘရောင်းက ပြောပါတယ်။
နိုဝင်ဘာ ၂၄ ရက်က မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ အရပ်သားတွေအပေါ် စိုးရိမ်ပူပန်ကြောင်း အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေက ကြေညာချက် ထုတ်ပြန်ခဲ့သလို လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေအတွင်း ပိတ်မိနေတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံသားတွေ ဘေးကင်းစွာ ပြန်လာနိုင်ရေးအတွက်လည်း တောင်းဆိုထားပါတယ်။
Source: Phnom Penh Post
Photo Credit- MFAIC Cambodia