Home
မြန်မာသတင်း
ရမ်းဗြဲတိုက်ပွဲတွင် စစ်သား ၄ ဦးသေဆုံးပြီး ၉ ဦး အရှင်ဖမ်းမိ၊ ဆိပ်ဖြူမြို့နယ်၌ စစ်ကား ၂ စီး မိုင်းဆွဲခံရပြီး ၄ ဦးသေဆုံး
DVB
·
December 19, 2023
war 19122023

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ အောင်ချမ်းသာဘုရားနားက ညောင်တောင်မှာ ဒီဇင်ဘာ ၁၈ ရက် မနက်က ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံးကာ ၉ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံးခဲ့ပြီး အရှင်ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်သား ၉ ယောက်ကို ULA/AA ရဲ့ ရဲတပ်ဖွဲ့ကထိန်းသိမ်းထားပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီဟာ ဒီဇင်ဘာ ၁၈ ရက်က တနေကုန် ရေကြောင်း၊ လေကြောင်းကနေ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ကြကာ စပါးကြီးမြစ်အတွင်းက နေဗီကလည်း ဒီဇင်ဘာ ၁၉ ရက် မနက် ၂ နာရီလောက်အထိ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုကြောင့် ပြည်သူတွေနေထိုင်တဲ့ ရပ်ကွက်ကျေးရွာတွေကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ အမျိုးသားတယောက်သေဆုံးပြီး အမျိုးသမီး ၂ ယောက်အပါဝင် ၃ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီဇင်ဘာ ၁၈ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာလည်း ဒီဇင်ဘာ ၁၇ ရက် မနက်က စစ်ကောင်စီကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP PDF ကနေ သိရပါတယ်။

ဆိပ်ဖြူမြို့နယ် အခြေစိုက် ကပစ ၂၂ ကနေ ထွက်လာတဲ့ စစ်ကောင်စီကား ၂ စီးကို ဒီဇင်ဘာ ၁၇ ရက် မနက် ၁၀ နာရီ ၂၀ မိနစ်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ချစ်ချောင်း ရေကျော်အရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ NSP (ပကဖ) ရဲ့ တာဝန်ခံ ကိုဒေးဗစ်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီဇင်ဘာ ၁၅ ရက်နေ့တုန်းက ကျနော်တို့နယ်ထဲကို စစ်ကောင်စီဘက်က လေယာဥ်နဲ့ပစ်သွားလို့ ပြည်သူနှစ်ယောက် သေဆုံးပြီး သုံးယောက် ဒဏ်ရာရရှိကာ ရဲဘော်တယောက် ဒဏ်ရာရရှိခဲ့တယ်ဗျ။ အဲဒါကို လက်စားချေတဲ့အနေနဲ့ ၂ ရက်လောက် ကင်းပုန်းဝပ်ကာ ၁၇ ရက်နေ့မှာ ကပစ ၂၂ ကနေ ထွက်လာတဲ့ စစ်ကောင်စီကား ၂ စီးအနက် ရှေ့ဆုံးတစီးကို မိုင်းဆွဲလိုက်တာ။”

မိုင်းဆွဲတိုက်ခိုက်လိုက်တာကြောင့် ကားတစီး မီးလောင်ကာ ဘီးတွေ၊ အမိုးကိုင်းတွေ ကျွတ်ထွက်သွားပြီး တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ သတင်းပေးချက်အရ စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ကျန်တဲ့ ဒဏ်ရာရရှိတဲ့သူတွေကို ချစ်ချောင်းအနီးက ခြတော်ကျေးရွာ ဘုန်းကြီးကျောင်းထဲမှာ ဆေးဝါးကုသတာတွေ ပြုလုပ်ခဲ့ကြပြီး ဒဏ်ရာရရှိသူ ဦးရေကိုတော့ အတိအကျ မသိရဘူးလို့ ဆိုပါတယ်။

မိုင်းထိထားတဲ့ကားကို အဲဒီနားက ထွန်စက်တွေ၊ ကားတွေနဲ့ ဆွဲဖို့လုပ်ကြပေမဲ့ ဆွဲလို့မရဘဲ နောက်ပိုင်းမှာ ကရိန်းနဲ့မပြီး ၄ နာရီကျော်လောက်မှာ ကပစ ၂၂ ထဲကို ပြန်ဆွဲသွားကြတယ်လို့ ပြောပါတယ်။

“မိုင်းဆွဲတိုက်ခိုက်ပြီးတော့ ကျနော်တို့ဘက်က ဦးအောင် ပစ်တာပေါ့ဗျာ။ ကလေးတွေက အလက်က ၃ လက်ပဲ ပါတာဆိုတော့ မိနစ်အနည်းငယ် ပစ်ခတ်ပြီး ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကာ လက်နက်ငယ်နဲ့ ပစ်တာမှာတော့ သူတို့ဘက်က ထိခိုက်မှုရှိမရှိ ဆိုတာကို မသိရဘူး။”

အဲဒီတိုက်ခိုက်မှုကို NSP(ပကဖ)နဲ့အတူ ပခုက္ကူခရိုင် တပ်ရင်း-၄ တပ်ခွဲ-၃ က ရဲဘော်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ပြောပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေကို စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024