ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ တရုတ်-မြန်မာ နယ်စပ် ရန်လုံကျိုင်းဂိတ်ကို ဒီဇင်ဘာ ၁၈ ရက် မနက်ကစပြီး ကိုးကန့် MNDAA ဘက်က ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း လောက်ကိုင်ရောက်နေသူတွေဆီက သိရပါတယ်။
ချင်းရွှေဟော်-မိန်းတိန် ဒုတိယနယ်စပ်ဂိတ်ဖြစ်တဲ့ ရန်လုံကျိုင်း နယ်စပ်ဂိတ်ကို မနေ့ ဒီဇင်ဘာ ၁၈ ရက် မနက် ၇ နာရီနဲ့ ၈ နာရီဝန်းကျင်ခန့်မှာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ဘက်က ထိန်းချုပ်လိုက်ကြောင်း လောက်ကိုင်မှာ ရောက်ရှိနေတဲ့ အမျိုးသားတဦးက ပြောပါတယ်။
“ရဲတွေ မနေတော့ဘူးလေ။ ဘယ်သူမှ မနေရဲတော့ဘူး။ သူတို့ ထိန်းချုပ်လိုက်ပြီ။”
လောလောဆယ် MNDAA က ထိန်းချုပ်ထားတဲ့ တုန်းချိန်မြို့သစ်ဘက်ကို လောက်ကိုင်ကလူတွေ သွားလို့မရကြောင်း၊ လောက်ကိုင်ကလူတွေ နေရပ်ဒေသ ပြန်ချင်ရင်တော့ လမ်းဖွင့်ပေးကြောင်း သူကပြောပါတယ်။
“ထန်ဟွေ့တိုက်ထိ ရောက်နေကြပြီ။ ဟုတ်တယ်။ အပစ်ရပ်ထားတော့ သူတို့ကဝင်လာတယ်။ စစ်သားတွေက အဲ့ဘက်မှာမရှိဘူး။ ဒကစနဲ့ ကျူဖန်ဘက်ပဲ။”
ဒါ့အပြင် ကိုးကန့်ဒေသအတွင်း တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားမှု မရှိပေမဲ့ MNDAA အနေနဲ့ လောက်ကိုင်မြို့နယ် တုန်းချိန်နဲ့ BP 125 တို့မှာ တပ်ချထားနိုင်ခဲ့ကြောင်း ကိုးကန့် သတင်းမီဒီယာက ဒီဇင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။