ပဲခူးတိုင်း, သာယာ၀တီအကျဉ်းထောင်ကနေ လယ်သမားဘုတ်အဖြစ် ထုတ်ပြီး အလုပ်ခိုင်းစေခိုင်းခံရတဲ့ နှစ်ကြီးအကျဥ်းသားတချို့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ထောင်ဝန်ထမ်း တဦးဆီက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်က သာယာ၀တီထောင်ကနေ လယ်သမားဘုတ်အဖြစ် ထုတ်ပြီး အလုပ်ခိုင်းခဲ့တဲ့ အကျဉ်းသားတွေထဲက နှစ်ကြီးအကျဥ်းသားတချို့ ထွက်ပြေးသွားတာကြောင့် ထောင်က တိုးတိုးတိတ်တိတ် လိုက်လံစုံစမ်းဖမ်းဆီးနေပေမဲ့ ဒီနေ့အထိ ပြန်မမိသေးဘူးလို့သိရပါတယ်။
သာယာဝတီထောင်ဝန်ထမ်းတဦးက "ထွက်ပြေးတဲ့သူတွေအထဲမှာ နှစ် ၃၀ ထောင်ချထားသူတွေလည်း ပါတယ်။ သူတို့က ထောင်ကပိုင်တဲ့ လယ်တွေရှိတဲ့ ဂုံမင်းမြောင်ရွာဘက်က ကန်ကလေးရေနက်ကွင်းမှာ လုပ်ရတာ၊ အဲ့ဒီမှာစခန်းရှိတယ်။ ထွက်ပြေးတုန်းက ၅ ယောက်ကို တယောက်တော့ ပြန်မိတယ်။ ထွက်ပြေးတာကို ၀န်ထမ်းတွေ သိတယ်၊ သူတို့ကိုယ်တိုင် မလိုက်ရဲကြတာ။ ကျန်တဲ့အကျဥ်းသားတွေကို ၀ိုင်းလိုက်ခိုင်းတာ၊ အကျဥ်းသားတွေကလည်း မလိုက်ရဲကြဘူး၊ သူတို့လက်ထဲမှာ ကိုင်းခုတ်ဓားတွေ ပါသွားတာ။ ထွက်ပြေးတဲ့ အကျဥ်းသားတွေက ခြေချင်းတွေ၊ ဒေါက်တွေနဲ့၊ သူတို့က ထွက်လမ်းတွေကို အကုန်မေးထားတာ။ အဲ့ဒီနေရာက မြို့သစ်ဘက်ကိုလည်း သွားလို့ရတယ်၊ နောက်တဖက်က ဘီလင်းဘက်နဲ့ လက်ပံတန်းဘက်တွေကိုလည်း သွားလို့ရတယ်" လို့ ပြောပါတယ်။
အဲ့ဒီအကျဥ်းသားတွေကို ကန်ကလေး ရေနက်ကွင်းက စပါးတွေကိုသယ်ဖို့အတွက် ထောင်ထဲကနေ ခြေချင်း၊ ဒေါက်တွေနဲ့ ပုံမှန်ခေါ်ထုတ်နေကျဖြစ်ပြီး ထောင်ပြန်ပို့ဖို့ကိစ္စနဲ့ ပတ်သက်ပြီး စကားများရန်ဖြစ်ကြရာကနေ အခုလို ထွက်ပြေးသွားတာလို့ သာယာ၀တီထောင်နဲ့ နီးစပ်တဲ့အသိုင်းအ၀န်းဆီက သိရပါတယ်။
ထွက်ပြေးသွားတဲ့ အကျဉ်းသား ၅ ယောက်ဟာ အင်းစိန်၊ ပဲခူး၊ လက်ပံတန်း မြို့တွေက ရာဇ၀င်ရှိတဲ့ အကျဥ်းသားတွေဖြစ်ပြီး သူတို့ထဲက တယောက်ကတော့ ထွက်ပြေးစဉ်မှာ ပြန်ဖမ်းမိခဲ့ပြီး ၄ ယောက်ကတော့ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
အကျဥ်းသားတွေကို အပြင်ဘုတ်မှာ ခြေချင်းတွေ ခဏဖြုတ်ပေးဖို့ အကျဥ်းသားတယောက်ကို ငွေကျပ် ၅၀,၀၀၀ ယူထားတဲ့ တာ၀န်ခံထောင်မှူးဟာ တယောက်လည်း ရေနက်ကွင်းက ငွေတွေယူကာ မိသားစုကိုခေါ်ပြီး ထွက်ပြေးသွားပြီလို့ သာယာ၀တီထောင်ကနေ သိရပါတယ်။
အကျဥ်းသားတွေ ထွက်ပြေးသွားတဲ့ကိစ္စနဲ့ပတ်သက်လို့ သာယာသတီထောင်က တာ၀န်ရှိသူကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။