ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မှာ ဒီဇင်ဘာ ၁၇ ရက် ညပိုင်းက စစ်ကောင်စီတပ်သားတွေက ဒေသခံပြည်သူသူတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းခိုးယူခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပုဏ္ဏားကျွန်းအခြေစိုက် ခလရ ၅၅၀ တပ်ရင်းက စစ်ကောင်စီတပ်သား အင်အား ၂၀ လောက်ဟာ ဒီဇင်ဘာ ၁၇ ရက် ညပိုင်းမှာ ကားတစီးနဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းခိုးယူခဲ့တာလို့ ပုဏ္ဏားကျွန်းမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်သားတွေဟာ ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက် ရန်ကုန်-စစ်တွေ ကားလမ်းပေါ်က ဦးကျော်တင်ရဲ့ နေအိမ်တံခါးကို ဖျက်ဆီးကာ နေအိမ်အတွင်းကို ဝင်ရောက်ကာ တီဗွီတလုံး၊ ဆီပေပါ ၁၀ လုံး၊ အင်ဂျင်ဝိုင်တဝက်ပါ ပေပါတလုံး၊ ဆီပန့် ၂ ခု၊ ရေသန့် ၂ ကတ်ကို ခိုးယူခဲ့သလို ဦးသာထွန်းရဲ့ နေအိမ်မှန်တံခါးတွေကိုလည်း သေနတ်ဒင်နဲ့ ထုပြီး ရိုက်ခွဲခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စံပြရပ်ကွက် ဦးရာဇ်တော်တံတားနားက နေအိမ်တအိမ်ကိုလည်း ဖောက်ထွင်းဝင်ရောက်ကာ တီဗွီတလုံး၊ ကွန်ပျူတာ Desktop တလုံး၊ လက်ပ်တော့တလုံးနဲ့ System ပုံးတွေကိုလည်း ခိုးယူသွားကြတယ်လို့ ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာ နိုဝင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းကလည်း စစ်ကောင်စီရေတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပုဏ္ဏားကျွန်းမြို့မစျေး စျေးဟောင်း ဆိုင်ခန်းအားလုံး မီးလောင်ဆုံးရှုံးခဲ့ရကာ ဒေသခံပြည်သူတွေအားလုံး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။