ပဲခူးတိုင်း၊ သာယာဝတီအကျဥ်းထောင်ရှိ နိုင်ငံရေးအကျဥ်းသူတဦးက မိသားစုနဲ့ ဧည့်တွေ့ခွင့်ရတဲ့အချိန် အကျဥ်းထောင်ပြင်ပမှာ အခုလက်ရှိ ဖြစ်ပျက်နေတာတွေကို မေးမြန်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒီဇင်ဘာလ ဒုတိယအပတ်ကစပြီး ခုလက်ရှိအချိန်အထိ တိုက်ပိတ်ခံထားရတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် တာဝန်ရှိသူတဦးက “အဓိကတော့ နိုင်ငံရေးအကျဥ်းသူတဦးက သူ့မိသားစုနဲ့ တွေ့တဲ့အချိန် အပြင်က အခြေအနေ ဘာဖြစ်နေလဲ၊ ဘာထူးနေလဲဆိုပြီး မေးလိုက်မိတဲ့ ခေါင်းစဥ်တခုနဲ့ပဲ။ မေးတာမမေးတာ အပထားပေါ့။ မကျေနပ်ရင် မကျေနပ်သလို ဥပဒေမဲ့ တိုက်ပိတ်ခံရတဲ့ အခြေအနေ ရှိနေပါတယ်။ ခုထိလည်း တိုက်ပိတ်ခံနေရဆဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် အကျဥ်းထောင်ထဲမှာ ထောင်ဝင်စာတွေ့တဲ့အချိန် နိုင်ငံရေးအကျဥ်းသားတွေနဲ့ ပြင်ပက မိသားစုဝင်တွေ တွေ့ဆုံတဲ့အခါ ပြောဆိုတဲ့စကားတွေကို တခြားအမှုစုံ(ရာဇဝတ်)အကျဥ်းသားတွေနဲ့ အကျဥ်းဦးစီးဝန်ထမ်းတွေက ခိုးနားထောင်တာ၊ မှတ်တမ်းယူတာတွေ ပြုလုပ်ပြီး ထောင်အာဏာပိုင်တွေကို ပြန်သတင်းပို့တယ်လို့ သိရပါတယ်။
အကျဥ်းထောင်အသီးသီးက အကျဥ်းသားတွေနဲ့ မိသားစုဝင်တွေ ဧည့်တွေ့ခွင့်ကို ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး တလကိုတကြိမ် ခွင့်ပြုခဲ့ပြီး အချိန် မိနစ် ၂၀ ခန့် တွေ့ခွင့်ပေးထားကာ ပြောဆိုတဲ့စကားတွေကို စောင့်ကြည့်မှတ်သားထားတာတွေ လုပ်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအနှံ့မှာ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်ကနေ အခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိ နိုင်ငံရေးအကျဥ်းသားပေါင်း ၁၉,၇၀၀ ကျော်အထိရှိနေပြီး အကျဥ်းသူပါဝင်မှုနှုန်းက ၅,၁၀၀ ကျော်အထိ ရှိနေတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးကွန်ရက်က ဒီဇင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။