မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် တပ်မ-၁၀၁ ကို ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။
ဒီဇင်ဘာ ၁၇ ရက် ညနေ ၅ နာရီခွဲမှာ ပခုက္ကူတပ်မ-၁၀၁ အတွင်းကို လက်နက်ကြီး အလုံးရေ ၂၀၀ လောက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ခိုက်မှုကြောင့် တပ်မ-၁၀၁ အတွင်းက ဆီလှောင်ကန်တခု၊ စားဖိုဆောင်တဆောင်နဲ့ ဝန်ထမ်းဆောင်တဆောင် ပျက်စီးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အတည်ပြု ပြောဆိုပါတယ်။
တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦး ပွဲချင်းပြီးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရရှိသူတွေက ပခုက္ကူမြို့ထဲက အရိုးအကြောကုဆေးရုံမှာ ဆေးကုသနေတယ်လို့ သိရပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ကျနော်တို့ မဟာမိတ်တပ်ဖွဲ့တွေ စုပေါင်းပြီးတော့ပေါ့လေ တပ်မ-၁၀၁ ရယ် ဘုန်းကံပျူရွာနဲ့ တပြိုင်တည်း သွားပစ်တာ။ သူတို့ဘက်က လက်နက်ကြီးနဲ့ပြန်ပစ်တယ်။ ၁၀၁ က အင်အားများတယ်၊ စစ်ကြောင်းလည်း အပြင်ကိုထုတ်ထားတယ်။ စခန်းတော့ မသိမ်းနိုင်ဘူးဗျ။ ကျနော်တို့က လက်နက်ကြီးနဲ့လှမ်းပစ်တာ၊ အနီးဝန်းကျင်ဝင်ဖို့တော့ မလွယ်သေးလို့” လို့ ပြောပါတယ်။
ပခုက္ကူတပ်မ -၁၀၁ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်နဲ့ မြိုင်မြို့နယ်အတွင်းက ပကဖအဖွဲ့တွေနဲ့ ဒေသခံ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက တပ်ဖွဲ့ဝင် ၃၀၀ ကျော် ပါဝင်ခဲ့ပါတယ်။