စက်သုံးဆီဆိုင်တွေမှာ စစ်ကောင်စီက သတ်မှတ်ထားတဲ့ ပမာဏသာ ရောင်းချဖို့ ထိန်းချုပ်ထားပြီး ဆီဆိုင်တွေကနေ စီစီတီဗွီမှတ်တမ်းယူကာ စောင့်ကြည့်နေတယ်လို့ ဆီအရောင်းဆိုင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန Petroleum Products Regulatory Department (PPRD) ကို စတင်ဖွဲ့စည်းခဲ့ပြီး စက်သုံးဆီရောင်းဝယ်မှုကို ထိန်းချုပ်ထားပါတယ်။
ဆီဆိုင်တခုရဲ့ ဝန်ထမ်းတဦးက “သူတို့ (PPRD) ပဲ အကုန်စီမံနေတာ။ သူတို့ချမှတ်ထားတဲ့အတိုင်းပဲ ရောင်းရတယ်။ ပိုရောင်းလို့ မရဘူး။ ဆိုင်တွေရဲ့ စီစီတီဗွီမှတ်တမ်းကို ယူပြီး စောင့်ကြည့်တယ်။ ဆီကို ပုံးနဲ့ လုံးဝပေးမရောင်းဘူး။ တွေ့ရင် ဆိုင်တွေရဲ့ မန်နေဂျာကို အရေးယူမယ်။ မရရင် ဆိုင်ပိတ်ခိုင်းမယ် လုပ်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက သီလဝါဆိပ်ကမ်းမှာရှိတဲ့ Denko ၊ Max ၊ မြတ်မေတ္တာမွန် အစရှိတဲ့ ဆီဆိပ်ကမ်းအားလုံးကိုလည်း ထိန်းချုပ်ထားပြီး ဝယ်ထားတဲ့ဆီ လိုသလိုရောင်းချခွင့်မရှိတဲ့ ပြဿနာလည်း ဖြစ်ပေါ်နေပါတယ်။
ဘီးလင်းမြို့က ဆိုင်ကယ်တက္ကစီသမားတဦးက “ကျနော်တို့ဘက်မှာ ဆီဆိုင်တွေက တနေ့ကို ဆိုင်ကယ်သမားတွေကို ၁ နာရီလောက်ပဲ ရောင်းပေးတယ်။ အဲဒါတောင် မှန်လုံကားတွေ ဆိုင်တွေမှာ လာဖြည့်တဲ့အချိန် စောင့်ပြီး ဆိုင်ကယ်တွေ ဆီဖြည့်ရပါတယ်။ ၅,၀၀၀ ဖိုး အများဆုံးပဲ ရောင်းပေးတာ။ ပုံးတွေနဲ့ဝယ်တာတွေ့တယ်ဆိုတာက ပုံးအပြည့် မဟုတ်ဘူး၊ ၁ သောင်းခွဲ ၂ သောင်းထိနဲ့ ရောင်းပေးတာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံခြားငွေကြီးကြပ်မှုကော်မတီက ဒီဇင်ဘာ ၅ ရက်မှာ လုပ်ငန်းရှင်တွေကို ဗဟိုဘဏ်သတ်မှတ်စျေး ကျပ် ၂,၁၀၀ နဲ့ လဲပေးခြင်းမရှိတော့ဘဲ ပြင်ပပေါက်စျေးအတိုင်းသာ သတ်မှတ်ခဲ့ပါတယ်။
ဒီနောက် နိုင်ငံခြားငွေနဲ့ဝယ်ယူရတဲ့ စက်သုံးဆီတွေကို စျေးမြင့်ဝယ်ယူရပြီး ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတလို့ ပြည်တွင်းမှာ စက်သုံးဆီ အလုံအလောက်မရတဲ့ ပြဿနာနဲ့လည်း ပြည်သူတွေ ကြုံတွေ့နေရပါတယ်။