စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားရဲစခန်းကို ပြည်သူကာကွယ်ရေးအဖွဲ့က ဒီဇင်ဘာ ၁၇ ရက် ညနေ ၄ နာရီကျော်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
အဆိုပါပစ်ခတ်မှုကို ရွှေဘိုခရိုင်တပ်ရင်း-၁၈ နဲ့ ဝက်လက်မြို့နယ် ဗိုလ်ကျားကြီးအဖွဲ့၊ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့တွေက ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
ဝက်လက် ကိုကျားကြီးက “တိုက်ပွဲက မနေ့ ၄ နာရီခွဲလောက်က စတယ်။ ကနဦး စပစ်တုန်းက ဒီကောင်တွေ ပြန်မပစ်သေးဘူးဗျ။ နောက်ပိုင်း လက်နက်ကြီးတွေ လက်နက်ငယ်တွေနဲ့ပါ ပြန်ပစ်တယ်။ သူတို့ဘက်က ထိခိုက်မှုကိုတော့ စုံစမ်းနေဆဲဗျ။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှု မရှိခဲ့ဘူး။ တိုက်ပွဲကတော့ ည ၈ နာရီလောက်မှာ သိမ်းခဲ့တယ်” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၁၄ ရက်ကလည်း ရွှေဘိုခရိုင် တပ်ရင်း-၁၈ နဲ့ စစ်ကောင်စီတပ်တို့ ကူကြီးကုန်းကျေးရွာအနီး တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီဘက်က အကျအဆုံး များခဲ့တာကြောင့် လေကြောင်းပစ်ကူပေးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မန္တလေးတိုင်း မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာတော့ ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သားတွေ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၂ ယောက် အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံကျားနက်တပ်ဖွဲ့ MBT ကနေ သိရပါတယ်။
နွားထိုးကြီးမြို့နယ်၊ ရွာကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား အင်အား ၄၀ လောက်ကို ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲလောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MBT တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် မကျည်းပင်အောက်မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သား ၂ယောက် အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရရှိသွားတဲ့ စစ်ကောင်စီတပ်သား ၂ယောက်ကို ကားနဲ့လာခေါ်ပြီး မြင်းခြံပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကာ အရေးပေါ်ဆေးဝါးကုသမှုခံယူနေရပါတယ်။
အဲဒီတိုက်ခိုက်မှုကို MBT တပ်ဖွဲ့နဲ့ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး PDF ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
ပဲခူးတိုင်း ရေတာရှည်မြို့နယ် ရွှေကဇောင်းရွာမှာလည်း ဒီဇင်ဘာ ၁၆ ရက် ညနေ ၆ နာရီ ကျော်က စစ်ကောင်စီတပ်နဲ့ ပုဝါနီ ပြောက်ကျားတပ်တို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပုဝါနီစစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။
စစ်တောင်းမြစ်အနောက်ဘက်ကမ်းက အဲဒီရွာရဲ့ အရှေ့ဘက်လမ်းမှာ စစ်တပ်က မိုင်းထောင်ချိန် နှစ်ဘက် ရှေ့ပြေးတပ်စိတ်ကြား တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။
၁၅ မိနစ်လောက် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပြီး ဆွာအခြေစိုက် ၈၄ တပ်ရင်းက လက်နက်ကြီးပစ်ကူပေးခဲ့ပေမဲ့ ရဲဘော်တွေ အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီးပစ်ခတ်တာကြောင့် သဖန်းဇင် ကျေးရွာဘောလုံးကွင်းနဲ့ ရွာအရှေ့ဘက်ကို လက်နက်ကြီးကျည်တွေ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ နှစ်ဘက်ပစ်ခတ်မှုအတွက် စစ်တပ်က သေဆုံးဒဏ်ရာရတဲ့အခြေအနေကိုတော့ မသိရပါဘူး။