ရုရှားဒုံးကျည်တပ်ဖွဲ့တွေဟာ ယာရက်စ်တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် အသစ်တစင်းကို မော်စကိုမြို့တော် အနောက်တောင်ပိုင်း ကာလူဂါဒေသက ကက်ဇဲလ်စ်ခ် အခြေစိုက်စခန်းမှာ တပ်ဆင်ထားလိုက်ပြီလို့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။
၂၃ မီတာရှည်တဲ့ RS-24 (ယာရက်စ်) ဒုံးကျည်ဟာ နျူးကလီးယားထိပ်ဖူး အများအပြားကို မတူညီတဲ့ ပစ်မှတ်တွေဆီ ပစ်လွှတ်နိုင်စေဖို့ ဒီဇိုင်းထုတ်ထားပါတယ်။
မဟာဗျူဟာမြောက် ဒုံးကျည်တပ်ဖွဲ့တွေက ကက်ဇဲလ်စ်ခ် အခြေစိုက်စခန်းထဲမှာ ယာရက်စ် တိုက်ချင်းပစ်ဒုံးကျည်တစင်းကို ဒုံးပစ်လွှတ်စင်ပေါ်မှာ တင်ထားပြီလို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားဟာ ကမ္ဘာ့အကြီးဆုံး နျူးကလီးယားလက်နက်တိုက် ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်ပြီး အမေရိကန်က နောက်မှာ အနီးကပ်ရှိနေပါတယ်။
ရုရှားနဲ့ အမေရိကန်တို့ဟာ ကမ္ဘာ့နျူးကလီးယားလက်နက်တွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားပါတယ်။
ရုရှားမှာ နျူးကလီးယား ထိပ်ဖူးပေါင်း ၅,၈၈၉ ခုရှိပြီး အမေရိကန်မှာ ၅,၂၄၄ ခုရှိတယ်လို့ အမေရိကန် သိပ္ပံပညာရှင်များအဖွဲ့ချုပ်က ဆိုပါတယ်။
ဒါ့အပြင် ရုရှားနဲ့ အမေရိကန်တို့ဟာ မဟာဗျူဟာမြောက် နျူးကလီးယားထိပ်ဖူးပေါင်း ၁,၆၇၀ လောက်ကို တပ်စွဲထားပါတယ်။
Source/Photo-Reuters