ဂါဇာကမ်းမြောင်က စစ်သွေးကြွတွေကို နယ်စပ်အထိ ကားနဲ့သယ်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ပုံမှန်ထက်ကြီးပြီး ကွန်ကရစ်နဲ့ သံကြိုးပတ်ထားတဲ့ လိုဏ်ခေါင်းတခုကို အစ္စရေးတပ်ဖွဲ့တွေက ဖော်ထုတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
အစ္စရေးကို အောက်တိုဘာ ၇ ရက်က ဟားမတ်စ်သေနတ်သမားတွေက တိုက်ခိုက် ပြန်ပေးဆွဲအပြီး အစ္စရေးရဲ့ထိုးစစ်ကိုတုံ့ပြန်ဖို့ ဟားမတ်စ်တွေဟာ ဂါဇာတောင်ပိုင်းမြို့တွေနဲ့ စစ်တပ်အခြေစိုက် စခန်းတွေမှာ ကီလိုမီတာ ရာချီတဲ့ ဥမင်တွေနဲ့ ကတုတ်ကျင်းတွေကို တူးတာ ပိတ်ဆို့တာတွေကို ပြင်ဆင်ထားခဲ့တာပါ။
စစ်ဆေးရေးဂိတ်ရဲ့ တောင်ဘက် မီတာ ၁၀၀ အကွာက သဲသောင်တခုမှာ ဖုံးကွယ်ထားတဲ့ ဟားမတ်စ်စီမံကိန်းတခုဖြစ်တာ ထင်ရှားတဲ့ ထွက်ပေါက်အမှတ်ကို သတင်းထောက်တွေကို အစ္စရေးတပ်ဖွဲ့က ပြသခဲ့ပါတယ်။
ဟားမတ်စ် စစ်သွေးကြွတွေဆီကရတဲ့ ကင်မရာတွေထဲက ဥမင်လိုဏ်ခေါင်း တည်ဆောက်မှုကို ပြတဲ့ ဗီဒီယိုကို အစ္စရေးစစ်တပ်က ဒီဇင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အစ္စရေးတပ်တွေက တွေ့ထားတဲ့ ဥမင်တွေရဲ့ ရုပ်သံကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
ဟားမတ်စ် စစ်သွေးကြွတွေရဲ့ ကင်မရာတွေကနေ ရထားတဲ့ လိုဏ်ခေါင်းအတွင်းပိုင်း ရိုက်ချက်တွေကို သီးခြား အတည်မပြုနိုင်ဘူးလို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။
အစ္စရေး-ဂါဇာ နယ်နိမိတ်နားက ဥမင်လိုဏ်ခေါင်းရဲ့ အပြင်ဘက်ပိုင်းကို ပြထားတဲ့ အစ္စရေးစစ်တပ် မောင်းသူမဲ့လေယာဉ်ရဲ့ တည်နေရာကိုတော့ ဒီဇင်ဘာ ၁၅ ရက်က တူညီတဲ့ တည်နေရာကနေ ရိုက်တာသတင်းပေးပို့ချက်နဲ့ ကိုက်ညီနေလို့ လိုဏ်ခေါင်းရဲ့ တည်နေရာနဲ့ ပတ်ဝန်းကျင်ရှုခင်းတို့ကို အတည်ပြုနိုင်ခဲ့ပါတယ်။
အစ္စရေးက ဂါဇာကမ်းမြောင်ကို ဗုံးကြဲတိုက်ခိုက်တာတွေ ဒီဇင်ဘာ ၁၇ ရက်က ပိုပြင်းထန်လာလို့ ပေါက်ကွဲတာတွေဖြစ်အပြီး ဂါဇာကမ်းမြောင်နဲ့ အစ္စရေးတောင်ပိုင်းကြားက ကောင်းကင်ယံမှာ မီးခိုးတွေ ပြည့်နှက်နေပါတယ်။
သီတင်းတပတ်ကြာ အပစ်အခတ်ရပ်စဲရေးနဲ့ ပါလက်စတိုင်းအကျဉ်းသားတွေ၊ အစ္စရေး ဓားစာခံတွေကို ပြန်လွှတ်ပေးရေး စီစဉ်ပေးဖို့ ကာတာဝန်ကြီးချုပ်နဲ့ အစ္စရေး ထောက်လှမ်းရေးအကြီးအကဲတို့ ဒီဇင်ဘာ ၁၆ ရက်မှာ စကားပြောဆိုခဲ့ပြီး ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဟားမတ်စ်က အစ္စရေးတောင်ပိုင်းကို အောက်တိုဘာ ၇ ရက်က စီးနင်းတိုက်ခိုက်ချိန်မှာ ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ ဆွေးနွေးမှာ မဟုတ်ဘူးလို့ ဟားမတ်စ်က ပြောပါတယ်။
အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တွေ အစ္စရေးနိုင်ငံထဲကို ဝင်တိုက်ခဲ့လို့ အစ္စရေးမှာ လူပေါင်း ၁,၂၀၀ သေဆုံးပြီး ဓားစာခံ ၂၄၀ ကို ဖမ်းဆီးခဲ့ပြီးတဲ့နောက် အစ္စရေးက ဂါဇာကို ကြည်း ရေ လေ စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်ခဲ့တာပါ။
ဒါကြောင့် စနေနေ့အထိ ပါလက်စတိုင်း ၁၉,၀၀၀ ကျော် သေဆုံးပြီး အပျက်အစီးပုံတွေအောက်မှာ လူ အယောက် ၇,၀၀၀ ကျော် ပျောက်ဆုံးနေဆဲလို့ ဂါဇာ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
Source/Photo-Reuters