မြောက်ကိုရီးယားဟာ အမေရိကန်ပြည်ထောင်စုထဲက ဘယ်နေရာကိုမဆို ရောက်နိုင်တဲ့ ICBM အမျိုးအစား ဒုံးကျည်တစင်းကို ဒီဇင်ဘာ ၁၈ ရက်က ပစ်ခတ်ခဲ့တယ်လို့ ဂျပန်အရာရှိတဦးက ပြောပါတယ်။
တိုက်ချင်းပစ်ဒုံးကျည် (ICBM) ဟာ မိုင် ၉,၃၀၀ ထက် ပိုဝေးတဲ့ခရီးကို သွားနိုင်တဲ့ အလားအလာရှိပြီး ဂျပန်နဲ့ အမေရိကန် ကုန်းမကြီးပေါ်က ဘယ်နေရာကိုမဆို ရောက်ရှိနိုင်တယ်လို့ ဂျပန်လွှတ်တော် ကာကွယ်ရေးဒုဝန်ကြီး ရှင်းငို မိယာခဲက ပြောပါတယ်။
ခုတကြိမ်ပျံသန်းမှုဟာ ၇၃ မိနစ်သာ ကြာမြင့်ပြီး ဇူလိုင်လတုန်းက မြောက်ကိုရီးယားက ပစ်ခတ်ခဲ့တဲ့ ICBM ဒုံးကျည်ရဲ့ ၇၄ မိနစ် ပျံသန်းမှုထက် အချိန်ပိုတိုတယ်လို့လည်း မိယာခဲက ပြောခဲ့ပါတယ်။
ခုတကြိမ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ဟာ အမြင့်ဆုံး ၃,၇၂၈ မိုင်ကျော်ထိ ရောက်ခဲ့ပြီး ဂျပန်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန် အပြင်ဘက် ဟော့ကိုင်းဒိုးကျွန်း အနောက်ဘက် ပင်လယ်ထဲကို ကျရောက်ခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ နာရီပိုင်းအတွင်း ဒုတိယအကြိမ်မြောက် ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်လိုက်ပြီး အမေရိကန် ဦးဆောင်တဲ့ စစ်အင်အားပြတာတွေကို စစ်ရေးလှုပ်ရှားမှုအဖြစ် မြောက်ကိုရီးယားအစိုးရက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
ဒီဇင်ဘာ ၁၇ ရက်ကလည်း အမျိုးအစားမသိရတဲ့ ပဲ့ထိန်းဒုံးကျည်တစင်းကို မြောက်ကိုရီးယားက ပစ်ခတ်ခဲ့တယ်လို့ ဂျပန် ကမ်းရိုးတန်းစောင့်တပ်နဲ့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
ဒုံးကျည်ကို မြောက်ကိုရီးယားရဲ့ အရှေ့ဘက်ကမ်းရိုးတန်း ပင်လယ်ပြင်ဆီ ပစ်လွှတ်ခဲ့တာလို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက ဆိုပေမဲ့ နောက်ထပ် အသေးစိတ် အချက်အလက်တွေကိုတော့ ချက်ချင်း မထုတ်ပြန်သေးပါဘူး။
အခုလအတွင်း မြောက်ကိုရီးယားဟာ တာဝေးပစ် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) အပါအဝင် နျူးကလီးယားလက်နက်သုံး ဒုံးကျည်တွေကို စမ်းသပ်ပစ်လွှတ်ဖို့ ပြင်ဆင်နေတယ်လို့ တောင်ကိုရီးယားနဲ့ ဂျပန်အစိုးရ တာဝန်ရှိသူတွေက သတိပေးပြီးတဲ့နောက် ခုလိုပစ်လွှတ်ခဲ့တာပါ။
မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်ဆိုင်ရာ လှုပ်ရှားမှုအားလုံးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေက တားမြစ်ထားပေမဲ့ မြောက်ကိုရီးယားအစိုးရက သူတို့ရဲ့ အချုပ်အခြာအာဏာပိုင် ကာကွယ်ပိုင်ခွင့်အဖြစ် ကာကွယ်ထားပါတယ်။
မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်ပြီးတဲ့နောက် ဂျပန်နဲ့ အမေရိကန်တို့ကြား ဒုံးကျည်သတင်းအချက်အလက် မျှဝေမှုစနစ်က နောက်ဆုံးအဆင့်ကို ရောက်နေပြီလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၈ ရက်မှာ ပြောလိုက်ပါတယ်။
အချိန်နဲ့တပြေးညီ ဒုံးကျည်သတင်းအချက်အလက် မျှဝေရေးစနစ်ဟာ အခုလအတွင်း စတင်လည်ပတ်နိုင်မယ်လို့ ဂျပန်၊ အမေရိကန်နဲ့ တောင်ကိုရီးယား သုံးနိုင်ငံလုံးက ပြောထားပါတယ်။
မြောက်ကိုရီးယားက တနင်္လာနေ့အစောပိုင်းမှာ တာဝေးပစ်ဒုံးကျည်လို့ ထင်ရတဲ့ အရာကို ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားနဲ့ ဂျပန်တို့က ပြောခဲ့ပြီး ၁၂ နာရီအတွင်း ဒုတိယအကြိမ်မြောက် ဒုံးကျည်ပစ်လွှတ်ခဲ့တာပါ။
အမေရိကန် ဦးဆောင်ပြီး နျူးကလီးယားလက်နက်နိုင်ငံ မြောက်ကိုရီးယားကို ဆန့်ကျင် အင်အားပြမှုကို မြောက်ကိုရီးယားအစိုးရက ရှုတ်ချခဲ့ပါတယ်။
ဒုံးကျည်ကို မြို့တော် ပြုံယမ်းနားက ဧရိယာကနေ မြောက်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်းရဲ့ ပင်လယ်ဆီ ဦးတည်ပစ်လွှတ်ခဲ့တာ ဖြစ်ပြီး ၆၂၁ မိုင်လောက် ပျံသန်းခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ပြောခဲ့ပါတယ်။
Source/Photo-Reuters