မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ခလရ ၅၀ က တပ်ရင်းမှူး အပါအဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ ဂန့်ဂေါခရိုင် တပ်ရင်း ၁၅၊ ၁၆၊ ၁၇YRA ထီးလင်းကနေ သိရပါတယ်။
ထီးလင်းမြို့နယ် ရေမျက်နီကျေးရွာမှာ ဒီဇင်ဘာ ၁၈ ရက် မနက် ၁၀ နာရီလောက်က ဂန့်ဂေါအခြေစိုက် ခလရ ၅၀ က စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပြောက်ကျားနည်းဗျူဟာသုံးပြီး တိုက်ခိုက်ခဲ့ကြတယ်လို့ YRA-ထီးလင်းရဲ့ ခေါင်းဆောင် သခင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။
“ရေမျက်နီရဲစခန်းမှာ ပြီးခဲ့တဲ့တပတ်လောက်က စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တာရှိတယ်။ အဲဒီမှာ သူတို့ဘက်က အထိနာထားတာဖြစ်တဲ့အတွက် ဂန့်ဂေါ ခလရ ၅၀ က အင်အား ၁၀၀ ကျော်လောက် စစ်ကူရောက်လာတယ်။ အဲဒီ စစ်ကူလာတဲ့စစ်ကြောင်းက ရေမျက်နီကျေးရွာထဲမှာ ကျေးရွာနေ ပြည်သူတွေရဲ့ နေအိမ်တွေမှာ တပ်ဖြန့်ထားတာ ရှိပါတယ်ဗျ။ ကျနော်တို့ဘက်က YRA ရယ် ဂန့်ဂေါခရိုင်တပ်ရင်း ၁၈ YNRF က အလှည့်ကျ တပ်စိတ်တစိတ်က ပြည်သူ့အိမ်ထဲကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ချောင်းမြောင်းပစ်ခတ်ခဲ့တာ။”
အဲဒီပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် ရွာထဲက စစ်ကောင်စီတပ်သားတွေနဲ့ ၁၀ မိနစ်လောက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးတယ်လို့ အတည်ပြုထားပြီး နောက်ပိုင်းမှာ စစ်ကောင်စီရဲ့ တပ်တွင်းသတင်းရင်းမြစ်တခုရဲ့ ပြောပြချက်အရ ခလရ ၅၀ တပ်ရင်းမှူး အေးမင်း၊ သူ့ရဲ့လက်ထောက်တယောက်နဲ့ တပ်သားတယောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ရေမျက်နီကျေးရွာ ပြည်သူတွေရဲ့ နေအိမ်တွေက အဖိုးတန် ပစ္စည်းတွေ၊ ကြက်၊ ဝက်တွေကိုလည်း ခိုးယူ သတ်ဖြတ်စားသောက်နေကြတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။