ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့မှာ ဒီဇင်ဘာ ၁၇ ရက် ညပိုင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ အရပ်သား ၃ ယောက်ဒဏ်ရာရရှိကာ နေအိမ်တအိမ် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အမ်းမြို့နယ် ကဇုကိုင်းအခြေစိုက် တောဟိန်းတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က မနေ့ ည ၇ နာရီ မိနစ် ၄၀ လောက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ကမ်းထောင်းကြီးမြို့မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ကမ်းထောင်းကြီးမြို့ခံက ပြောပါတယ်။
လက်နက်ကြီးကျည်ကျလို့ ကမ်းထောင်ကြီးမြို့ တောင်ပိုင်းရပ်ကွက်က အသက် ၃၃ နှစ်အရွယ် ကိုမင်းကိုနိုင်၊ အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်ခင်သန်းနဲ့ ရခိုင်ကုန်းရပ်ကွက်က အသက် ၃၈ နှစ်အရွယ် ဦးတင်မောင်တို့ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တအိမ် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အမ်းမြို့နယ် ကဇုကိုင်းဘက်မှာ ဒီဇင်ဘာ ၁၆ ရက်က ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီနေ့မှာပဲ တောဟိန်းတောင်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကမ်းထောင်းကြီးမြို့ပေါ်ကနေ လက်နက်ကြီးကျည်ဖြတ်သန်းကာ မြို့နဲ့ တမိုင်လောက်အကွာမှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူတွေနေထိုင်တဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံက ပြောပြါတယ်။
ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူ ၄၀ နီးပါးလောက်သေဆုံးကာ ၁၀၀ ကျော်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။