Home
ဆောင်းပါး
မြန်မာ့ကျွန်းသစ်မြေက လူမှုဘဝများ
DVB
·
December 17, 2023
GREEN_17122023
TEAK6_17122023
TEAK4_17122023
TEAK3_17122023
TEAK_17122023
TEAK2_17122023
TEAKOK_17122023

ကျွန်းသစ်နဲ့ ဆက်နွှယ်နေတဲ့လူမှုဘဝတွေ အကြောင်းရေးထားတဲ့ “The Social Life of Teak” အမည်နဲ့ ထွက်လာတဲ့ စာအုပ်သစ်တစ်အုပ်ထဲမှာ အမြဲတမ်း အထူးမြတ်နိုးတန်ဖိုးထားခံရပြီး မတရား အမြတ်ထုတ်ခံနေရသလို ရာစုနှစ်တွေနဲ့ချီပြီး လူတွေတိုက်ယူခဲ့ကြတဲ့ ကျွန်းသစ်နဲ့ လူသားတို့ရဲ့ကြားက ဆက်နွှယ်နေတဲ့ ထူးခြားဆန်းပြားတဲ့ ဇာတ်လမ်းတွေကို ကျွန်းသစ်ကြောင့် ဘဝအပြောင်းအလဲဖြစ်ခဲ့ရသူ မြန်မာနိုင်ငံသားတွေက ပြန်ပြောပြထားပါတယ်။

တောင်အာရှနဲ့ အရှေ့တောင်အာရှ ဒေသတလျှောက်မှာရှိတဲ့ ကျွန်းသစ်စိုက်ပျိုးထုတ်လုပ်ရာဒေသတွေက ဇာတ်လမ်းတွေကို လိုက်လံစုဆောင်းခဲ့ကြတဲ့ စာရေးသူ တင်မ်ဝက်ဘ်စတာ (Tim Webster)နဲ့ ဗာဂျီးနီးယားဟန်ဒါဆန် (Virginia Henderson) တို့ဟာ မြန်မာနိုင်ငံ နေရာအတော်များများက လူတွေနဲ့ တွေ့ဆုံကာ ဓာတ်ပုံရိုက်ယူစုဆောင်းပြီး အင်တာဗျူးခဲ့ကြပါတယ်။  

အဲဒီစာအုပ်ထဲမှာ ကျွန်းသစ် စိုက်ပျိုးသူတွေ၊ သစ်တောဝန်ထမ်းတွေကနေ ကုန်သည်တွေနဲ့ အဆင့်မြင့်အရာရှိတွေအထိ အပူပိုင်းဒေသထွက် တန်ဖိုးကြီးသစ်မာတစ်မျိုးဖြစ်တဲ့ ကျွန်းသစ်စိုက်ပျိုးထုတ်လုပ်မှု အဆင့်ဆင့်ကို အချိန်ကာလအလိုက် စုဆောင်းတင်ပြထားပါတယ်။ ကျွန်းသစ်ကို အမှီပြု အလုပ်လုပ်ကိုင်သူတွေကနေ သစ်တောတွေကို အလေးအမြတ်ထားရာ၊ အားကိုးရာ၊ ခိုကိုးရာအဖြစ် အသိအမှတ်ပြုထားကြတဲ့ ဌာနေတိုင်းရင်းသားတွေအထိ မတူညီတဲ့ လူ့အဖွဲ့အစည်းတစ်ခုချင်းစီက ကျွန်းသစ်အပေါ်ထားရှိတဲ့ သဘောထားအမြင်တွေကိုလည်း ဖော်ပြထားပါတယ်။

"ကျနော် ကိုယ်တိုင်စိုက်ထားတဲ့ အပင်တွေကြားမှာနေရတာကို သဘောကျတယ်။ အရမ်းအေးချမ်းတယ်လေ။"

ဇာတ်လမ်းတွေကို ပြောပြခဲ့ကြသူတွေက သူတို့ရဲ့ သဘာဝတရားအပေါ် ချစ်မြတ်နိုးမှုနဲ့ စက်မှုလုပ်ငန်းတိုးချဲ့ ဆောင်ရွက်လိုမှုအပြင် သူတို့လိုလားတောင့်တတဲ့ တရားမျှတမှု၊ အခွင့်အရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အကြောင်းတွေကိုပါ လွတ်လပ်ပွင့်လင်းစွာပြောပြခဲ့ကြပါတယ်။

ကျန်ရှိနေတဲ့ သဘာဝအရင်းအမြစ်တွေအပေါ်မှာ ဘိုးစဉ်ဘောင်ဆက်ပိုင်ဆိုင် အမွေခံပိုင်ဆိုင်ရေးနဲ့ အခွင့်အရေး ညီညီမျှမျှနဲ့ ရယူသုံးစွဲပိုင်ခွင့်ရှိရေး အစရှိတဲ့ ပြဿနာတွေဟာလည်း ရှိနေဆဲဖြစ်ပါတယ်။

အင်တာဗျူးတွေကို ၂၀၁၅ ခုနှစ်ကနေ ၂၀၁၉ အထိ ဆောင်ရွက်ခဲ့တာဖြစ်ပြီး အဲဒီကာလကို စာရေးသူက ဒီမိုကရေစီ ကန့်လန့်ကာဖွင့်ပြခဲ့တဲ့ ကာလလို့ သတ်မှတ်ရေးသားခဲ့ပါတယ်။ အဲဒီကာလဟာ ၁၉၉၀ ပြည့်နှစ်တွေအတွင်းမှာ အုပ်ချုပ်ခဲ့တဲ့ စစ်တပ်ရဲ့ ငွေကြေးငမ်းဖမ်းမှုနဲ့ စက်မှုလယ်ယာပြောင်းလဲရေး လုပ်ငန်းတွေကြောင့် သစ်တောတွေ ပြန်းတီးခဲ့ရပြီးနောက်မှာ မြန်မာ့သစ်တောတွေကို ပြန်လည်ပြစုပျိုးထောင်ခဲ့ရတဲ့ ကာလလည်း ဖြစ်ပါတယ်။   

ဗာဂျီးနီးယားဟန်ဒါဆန်က "အာဏာမသိမ်းခင် ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေတဲ့ အဲဒီအချိန်တုန်းကတော့ သစ်တောနဲ့ ပတ်သက်တဲ့ လူတွေက သစ်တောဆိုင်ရာအကြောင်းတွေကို ရိုးသားပွင့်လင်းစွာနဲ့ ပြောပြချင်ကြသလို လွတ်လွတ်လပ်လပ်ပြောခွင့်လည်း ရှိခဲ့ကြတယ်။" လို့ ပြောပါတယ်။

အလွန်အကျွံသစ်ထုတ်လုပ်တာကို ဘယ်လို တားမြစ်နိုင်မယ်ဆိုတဲ့ သူတို့ရဲ့ အကြံဉာဏ်တွေကို ပြောပြခဲ့ကြသလို သစ်တောထိန်းသိမ်းရေးအတွက် ကြိုးပမ်းမှုတွေဟာလည်း အာဏာပိုင်တွေရဲ့ လောဘကြောင့် ဘယ်လို အားနည်းသွားခဲ့ရတယ်ဆိုတာတွေ ပြောပြခဲ့ကြပါတယ်။ တကယ့်ကို အချိန်ကောင်းမှာ ရယူနိုင်ခဲ့တဲ့ ရှားပါးထူးခြားဇာတ်လမ်းတွေပဲ ဖြစ်ပါတယ်။

ရေဆင်း သစ်တောအရာရှိတဦးက “စစ်တပ်နဲ့ သူတို့ကိုပိုင်တဲ့ ခရိုနီတွေက သူတို့ပိုက်ဆံရဖို့ ကျနော်တို့နိုင်ငံ သစ်တောတွေ ပြုန်းတီးကုန်တဲ့အထိ ရောင်းစားခဲ့ကြတာ။ လူတိုင်းသိတယ်” လို့ပြောပါတယ်။ 

နိုင်ငံပိုင် သစ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ မြန်မာ့သစ်ထုတ်လုပ်ရေးလုပ်ငန်းကဝန်ထမ်းတွေနဲ့ တွေ့ဆုံဖို့အတွက် အဲဒီအချိန်က မြန်မာအစိုးရက တရားဝင်ဖိတ်ခေါ်ခဲ့တာကြောင့် အခုလိုသိရခဲတဲ့ အတွင်း သတင်းတွေ သိခွင့်ရခဲ့တာဖြစ်တယ်လို့ စာရေးသူတွေက  ဒီဗွီဘီကို  ပြောပါတယ်။

ပခုက္ကူက သစ်တောဝန်ထမ်းတစ်ဦးကလည်း တရားမဝင် သစ်ခိုးထုတ်မှုတွေကြောင့် စုံစမ်းစစ်ဆေးခဲ့ရတဲ့အမှုတွေ အကြောင်းနဲ့ သစ်ပင်တချို့ကို တရားမဝင်ခုတ်လှဲခဲ့တာကြောင့် အသေးစား စီးပွားရေးသမားတစ်ယောက်ကို သွားရောက်ဖမ်းဆီးခဲ့ရတဲ့ အကြောင်းတွေကို ပြန်ပြောပြခဲ့ပါတယ်။ အဲဒီ စီးပွားရေးသမားရဲ့ဆိုင်ဟာ ကျွန်းသစ်အလုံးပေါင်း ၁၀၀၀၀ ချထားတဲ့ သစ်ကွင်းဘေးမှာ ဖွင့်ထားတာဖြစ်ကြောင်း ပြောပါတယ်။

ပခုက္ကူက သစ်တောအရာရှိတဦးက "ဘာလို့ ကုမ္ပဏီအကြီးတွေကို မဖမ်းတာလဲလို့ ကျနော့်အထက်က အရာရှိကို ကျနော်မေးတယ်။ သူတို့ကို ဖမ်းလိုက်ရင် တရားမဝင်သစ်တွေ အများကြီးပိုရမှာ မဟုတ်ဘူးလားလို့ မေးလိုက်တယ်။ အဲဒီကုမ္ပဏီက စစ်ဗိုလ်ချုပ်တယောက်ရဲ့ သမီးနာမည်နဲ့ ဖွင့်ထားတာလေ။ ကျနော့် အရာရှိကလည်း အရေးယူရှာပါတယ်။ ကျနော့်ကို ရန်ကုန်နဲ့ အရမ်းဝေးတဲ့ နယ်ကို ပို့လိုက်တယ်လေ” လို့ပြောပါတယ်။

အဲဒီစာအုပ်ထဲမှာ ကျွန်းသစ်ကို အခြေခံလိုအပ်ချက်တွေအတွက် ဘယ်လိုအသုံးချကြတယ်ဆိုတာနဲ့ အဆင့်မြင့်ယဉ်ကျေးမှုတွေကို ဖော်ပြတဲ့နေရာမှာ ဘယ်လိုအသုံးချကြတယ်ဆိုတာတွေကို ဖော်ပြထားပါတယ်။

ကျီတောင်ကန်ရွာက လှည်းဘီးလုပ်ငန်းလုပ်တဲ့ ရွာသားတဦးက “အရင် ဒီနားတဝိုက်မှာ စိုက်ခင်းတွေ အများကြီးရှိတယ်။ အခုတော့ အဲဒါတွေက ပိုင်ရှင်လည်းမရှိ၊ အလုပ်လုပ်တဲ့သူတွေလည်း မရှိဖြစ်ကုန်ပြီ။ အခုနောက်ပိုင်းမှာကျွဲတွေ နွားတွေလည်း ရှားပါးလာပြီဆိုတော့ ရွာကလူတွေကလည်း လှည်းတွေ သိပ်မသုံးကြတော့ဘူး။ ပြီးခဲ့တဲ့ နှစ်က ကျနော်တို့ အခု ၄၀ လုပ်ရတယ်။ ဒီနှစ်တော့ ၁၀ ခုပဲ လုပ်ရတယ်” လို့ပြောပါတယ်။ 

ကိုယ်တွေ့ကြုံနေရတဲ့ အပြောင်းအလဲနဲ့ ရုန်းကန်ရပုံတွေကို ပြောပြခဲ့ပါတယ်။ တစ်နှစ်ကို ဧက ၅၀၀ စီနဲ့ ၁၂ ကြာအောင် ကျွန်းပင်ပေါင်း ၃,၂၄၀,၀၀၀ လောက်ကို မြန်မာ့သစ်တောဌာနအတွက် စိုက်ပျိုးပေးခဲ့ရသူ တယောက်ကလည်း သူ့ရဲ့ အတွေ့အကြုံတွေကို ပြောပြပါတယ်။ အဲဒီကာလ အတွင်းမှာ သူနေထိုင်ခဲ့တဲ့ နေရာတွေနဲ့ သွားရောက်လုပ်ကိုင်ခဲ့တဲ့နေရာတွေကိုတောင်မှ မမှတ်မိတော့ဘူးလို့ သူက ပြောပါတယ်။

ပဲခူးရိုးမ ပေါက်ခေါင်းဒေသက သစ်တောဌာနဝန်ထမ်းတဦးက “သစ်တောနဲ့ စိုက်ပျိုးရေး လုပ်ကွက်တွေက စပါးခင်းတွေ ဖြစ်လာတယ်။ ဆည်တွေကျိုးပေါက်တာကနေ ရေလွှမ်းမိုးမှုတွေ ကြုံရတယ်။ ဒီနေရာမှာ အရင်က ကျွန်းသစ်တော အကြီးကြီးရှိတာ။ အခုတော့ တစ်ပင်တောင် မကျန်တော့ဘူး။ ကျနော်စိတ်မကောင်းဖြစ်မိတာက ကျနော်ရဲ့ တစ်ကိုယ်ရေ တစ်ကာယအတွက် မဟုတ်ဘူး။ အများကြီး ဆုံးရှုံးလိုက်ရတာအတွက် တော်တော်လေးကို စိတ်မကောင်း ဖြစ်မိတယ်”လို့ ပြောပါတယ်။ 

သုတေသနစစ်တမ်းကောက်ယူခဲ့တဲ့အချိန်နဲ့ အခုအချိန် မြန်မာနိုင်ငံမှာ ဘယ်လောက် ပြောင်းလဲသွားပြီဆိုတာကို ဖော်ပြနေတဲ့ အဲဒီစာအုပ်ထဲမှာ ပြည်ထောင်စုလွှတ်တော်ရှေ့မှာ လွှတ်တော်အမတ် မောင်တင်သစ် (ဦးရည်မွန်) မတ်တပ်ရပ်နေပုံကိုလည်း ဖော်ပြထားပါတယ်။ အခုချိန်မှာတော့ သူဟာ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းလိုက်ပြီးနောက် ဖယ်ရှားခံခဲ့ရတဲ့ ရွေးကောက်ခံအမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီး တာဝန်ကို ယူထားသူဖြစ်ပါတယ်။

ဦးရည်မွန်က “ကျနော်တို့ ကျီတောင်ကန်ရွာဆိုတာ အရင်က ကျွန်းသစ်တောတွေနဲ့ ဝိုင်းနေတာ။ အခုတော့ အားလုံး မရှိတော့ဘူး။ ဒီတောတွေက အရင်ကတော့ ဗမာပြည်ကွန်မြူနစ်ပါတီရဲဘော်တွေ ပုန်းလို့ ကောင်းနေရာပေါ့။ ငှက်ဖျားခြင်တွေလည်း ပေါမှပေါ။ မြန်မာစစ်တပ်က ဒီတောတွေကို ခုတ်ခွင့်ပေးလိုက်တဲ့အကြောင်းရင်းတွေထဲမှာ အဲဒါတွေလည်းပါတယ်”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မှာ မကြာခင်က ပြုလုပ်ခဲ့တဲ့ စာအုပ်မိတ်ဆက်ပွဲမှာ စာရေးသူတွေက ကျွန်းသစ်ရဲ့ အရေးပါပုံတွေကို လေ့လာတင်ပြထားတဲ့ သူတို့ရဲ့ “The Social Life of Teak “စာအုပ်အတွက် သုတေသနလုပ်ခဲ့စဉ်က အတွေ့အကြုံတွေကို ပြန်လည်ပြောပြခဲ့ကြပါတယ်။ သူတို့ သုတေသနပြုစုခဲ့တဲ့ အတွေ့အကြုံတွေကို နားထောင်ခြင်းစီမံကိန်းလုပ်ငန်းလို့ သူတို့က ရည်ညွှန်းပြောဆိုခဲ့ကြပါတယ်။

"ကီလိုမီတာထောင်ပေါင်းများစွာ ခရီးဆန့်ပြီး လူပေါင်းရာကျော်ပြောပြတဲ့ ကျွန်းသစ်နဲ့ သူတို့ကြားက ဆက်နွှယ်မှုတွေကို နားထောင်ရင်း တပြေးညီ တသမတ်တည်းမဟုတ်တဲ့ စည်းကမ်းဥပဒေတွေ၊ ကြောက်မက်ဖွယ်ရာ ပျက်စီးဆုံးရှုံးမှုတွေ၊ အံ့ဩစရာများပြားတဲ့ ပမာဏတွေ၊ အလွယ်တကူ မြင်နိုင်တဲ့ မညီမျှမှုတွေ၊ ရင်သပ်ရှုမောဖွယ် ဖန်တီးနိုင်စွမ်းတွေ မှတ်သားအလေးထားထိုက်တဲ့ ကြံ့ကြံ့ခံနိုင်စွမ်းတွေကို မြင်တွေ့ခံစားလိုက်ရပါတော့တယ်။" 

ဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့  ဒီဇင်ဘာ ၄ ရက်က  DVB နဲ့ တင်မ်ဝက်ဘ်စတာ၊ ဗာဂျီးနီးယားဟန်ဒါဆန်တို့နဲ့  အင်တာဗျူးမှာ  ထပ်မံကြည့်ရှု လေ့လာနိုင်ပါတယ်။ 

https://www.youtube.com/watch?v=PFYq2LrNx2Q

“The Social Life of Teak “ စာအုပ်အကြောင်း ပိုမိုသိရှိနိုင်ဖို့  www.timwebster.com.au ဝက်ဆိုက်မှာ သွားရောက်လေ့လာနိုင်ပါတယ်။

PHOTO-Credit: (Tim Webster)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024