ဟောင်ကောင်ရဲ့ အရေးအပါဆုံး အမှုတွဲတွေထဲက တခုဖြစ်တဲ့ မီဒီယာသူဌေးကြီးနဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဂျင်မီလိုင်ကို အမျိုးသားလုံခြုံရေးဥပဒေတွေအရ ဒီဇင်ဘာ ၁၈ ရက်မှာ စတင် ရုံးတင်စစ်ဆေးတော့မှာ ဖြစ်ပါတယ်။
အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ ဂျင်မီလိုင်ဟာ နိုင်ငံခြားတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကြံစည်မှု အပါအဝင် စွဲချက် ၃ ခု ရင်ဆိုင်နေရပြီး တသက်တစ်ကျွန်း ချမှတ်ခံရနိုင်ဖွယ်ရှိပါတယ်။ သူဟာ ဗြိတိသျှ ကိုလိုနီခေတ် ပုန်ကန်မှုဥပဒေ အောက်မှာလည်း စွဲချက်တခု တင်ခံထားရပါတယ်။
မြို့တော်ဟာ လာမယ့်နှစ်မှာ အမျိုးသားလုံခြုံရေးဥပဒေအသစ်ကို အတည်ပြုပြဋ္ဌာန်းဖို့ ပြင်ဆင်နေချိန်မှာပဲ ဂျင်မီလိုင်ကို ရုံးတင်စစ်ဆေးမှု ပေါ်ပေါက်လာတာပါ။ အမျိုးသားလုံခြုံရေး ဥပဒေအသစ်ဟာ သူလျှိုလုပ်ခြင်းတွေနဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မှုတွေကို တန်ပြန်မယ့် ဥပဒေတွေနဲ့အတူ တရုတ်နိုင်ငံရဲ့ လုံခြုံရေးကို ပိုပြီးတင်းကျပ်ထားမှာ ဖြစ်ပါတယ်။
ဂျင်မီလိုင်ဟာ ဒီမိုကရေစီ လိုလားတဲ့ Apple Daily သတင်းစာကို တည်ထောင်ခဲ့တာဖြစ်ပြီး အခုတော့ ဖျက်သိမ်းခံထားရပါတယ်။ သူဟာ သမ္မတ ရှီကျင့်ဖျင် အပါအဝင် တရုတ်နိုင်ငံရဲ့ ကွန်မြူနစ်ပါတီ ဦးဆောင်မှုကို ပျစ်ပျစ်နှစ်နှစ် ဝေဖန်တတ်တဲ့ ဟောင်ကောင်ရဲ့ အထင်ရှားဆုံး ဝေဖန်ရေးဆရာတွေထဲက တဦးဖြစ်ပါတယ်။
ဂျင်မီလိုင်ဟာ Apple Daily သတင်းစာတိုက် အဆောက်အဦအတွက် အငှားစာချုပ်ကို ချိုးဖောက်မှု ဆိုပြီး လိမ်လည်မှုနဲ့ ထောင်ဒဏ် ၅ နှစ်နဲ့ ၉ လ ကျခံနေရပြီး ဖြစ်ပါတယ်။ သူကတော့ စွဲချက်တွေအတွက် အပြစ်မရှိကြောင်း လျှောက်လဲချေပခဲ့ပါတယ်။
Source/Photo - Reuters