စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကုန်းသာကျေးရွာနဲ့ အနီးနားကရွာတွေကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၄ ရက်မနက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အခုလို လေယာဉ်နဲ့ ပစ်ခတ်တာကြောင့် ကုန်းသာကျေးရွာက ခန်းမအဆောင်တစ်ခုနဲ့ လူနေအိမ်တွေ အမိုးပျက်စီးသွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
ကုန်းသာရွာသားတစ်ဦးက “ပစ်တာကတော့ မနက်ခင်း ၁၀ နာရီနီးပါးက လာပစ်တာ။ နမခဘက်ကနေ လာပစ်တာဗျ။ ဘာလို့ လာပစ်တာလဲဆိုတော့ ကျနော်တို့ရွာမှာ NUG စာသင်ကျောင်းမှာ ပညာရေးစုံညီပွဲ လုပ်နေတာတော့ ရှိတယ်။ ဒါပေမဲ့ ကလေးတွေကတော့ ထိခိုက်မှုတော့ မရှိဘူး။ ရွာတောင်ပိုင်းက လူနေအိမ်တချို့ရယ်၊ ရွာဘုံခန်းမအဆောင်တစ်ခုရယ် ပျက်စီးတာတော့ ရှိတယ်။ နောက်ပြီး ကာလတန်ကြေး ၁၅ သိန်းလောက် တန်တဲ့ ခိုင်းနွားတစ်ကောင်လည်း သေသလို နွားမတစ်ကောင်လည်း ကျည်ထိမှန်တာတွေ ရှိခဲ့တယ်။ ကျနော်တို့ရွာဘက်ကို အခုလိုပစ်ပြီး အရှေ့မြောက်ဘက်၊ မင်းကင်းမြို့နယ်၊ ဇင်ကလဲရွာနဲ့ ရေဦးမြို့နယ် သောင်ပြင်ရွာဘက်ဆီ သွားပစ်သေးတယ်။ အဲဒီဘက်က အထိအခိုက်တော့ မသိရသေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က ဒီနေ့ ဒီဇင်ဘာ ၁၄ ရက် တစ်ရက်တည်း ကနီ၊ မင်းကင်းနဲ့ စစ်ကိုင်းမြို့နယ် ဆားတောင်ရွာအနီးတွေမှာ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။