အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားတို့ဟာ ဒီဇင်ဘာ ၁၃ ရက်က သူတို့ရဲ့နယ်စပ်မှာ စစ်သုံ့ပန်းတွေကို အလဲအလှယ်လုပ်ခဲ့ကြပြီး သူတို့ရဲ့ ဆယ်စုနှစ်ချီပဋိပက္ခမှာ အဇာဘိုင်ဂျန်က ပြတ်ပြတ်သားသား အောင်မြင်မှု ရရှိခဲ့ပြီးနောက်မှာ ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်စေဖို့ ခြေလှမ်းတရပ်လည်း ဖြစ်ပါတယ်။
အကျဉ်းသားလဲလှယ်မှုမှာ ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းမှာ အများစု ဖမ်းဆီးရမိခဲ့တဲ့ အာမေးနီးယန်း ၃၂ ဦးကို အဇာဘိုင်ဂျန်မှ ပြန်လွှတ်ပေးတာလည်းပါဝင်ခဲ့ပါတယ်။ အပြန်အလှန်အားဖြင့် အာမေးနီးယားဟာ ၂၀၂၃ ခုနှစ် ဧပြီလကတည်းက ထိန်းသိမ်းထားတဲ့ အဇာဘိုင်ဂျန်စစ်သား ၂ ဦးကို လွှဲပြောင်းခဲ့ပါတယ်။
အာမေးနီးယန်းဝန်ကြီးချုပ် နိကိုးလ် ပါရှင်ယန်က “ ၂၀၂၀ မှ ၂၀၂၃ ခုနှစ်အတွင်း ဖမ်းမိခဲ့တဲ့ အာမေးနီးယားလက်နက်ကိုင်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၃၁ ဦးနဲ့ စက်တင်ဘာလတုန်းက နာဂေါနို-ကရာဘာမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သား တဦးတို့ဟာ အဇာဘိုင်ဂျနီ- အာမေးနီးယန်း နယ်စပ်ကို ဖြတ်ကျော်ပြီး အာမေးနီးယန်း ပိုင်နက်ထဲမှာ ရောက်ရှိနေပါပြီ”လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။
တောင်ပိုင်း ကော့ကေးဆပ် အိမ်နီးချင်းတွေဟာ အဇာဘိုင်ဂျန်ရဲ့အစိတ်အပိုင်းတခုဖြစ်တဲ့ နာဂေါနို-ကရာဘာ တောင်တန်းဒေသနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း စစ်ပွဲ ၂ ခု ဆင်နွှဲခဲ့ကြပေမယ့် အာမေးနီးယန်းလူမျိုးစုတွေ ကွဲထွက်သွားပြီး အဲဒီနေရာမှာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက လက်ရှိ လွတ်လပ်ရေးကို ထူထောင်ခဲ့ပါတယ်။
အဇာဘိုင်ဂျန်ဟာ စက်တင်ဘာလတုန်းက လျှပ်တပြက်စစ်ဆင်ရေး ဆင်နွှဲခဲ့ရာမှာ ကာရာဘတ်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး အာမေးနီးယန်းလူမျိုး ၁၂၀,၀၀၀ ရှိတဲ့အထဲက အများစုမှာ အာမေးနီးယားကို ထွက်ပြေးခဲ့ကြပါတယ်။
အရင်သီတင်းပတ်ကပဲ အကျဉ်းသားလဲလှယ်ရေး အစီအစဉ်ကို ကြေညာလိုက်ကြပြီးတော့ သူတို့ဟာ အချုပ်အခြာအာဏာနဲ့ နယ်မြေစိုးမိုးရေး ဆိုင်ရာ အခြေခံမူတွေကို လေးစားလိုက်နာမှုအပေါ် အခြေခံပြီး ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်စေဖို့နဲ့ တရားဝင် ငြိမ်းချမ်းရေးရဖို့ ဆိုတဲ့ သူတို့ရဲ့ ရည်ရွယ်ချက်ကို ပြန်လည် အတည်ပြုပါတယ်လို့ နှစ်ဖက်စလုံးက ပြောကြားခဲ့ပါတယ်။
အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ဟာ ၁၉၉၁ ခုနှစ်မှာ ပြိုကျခဲ့တဲ့ ဆိုဗီယက်ယူနီယံရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။
ရုရှားနိုင်ငံက သူ့ကိုယ်သူ ဒေသတွင်း လုံခြုံရေး အာမခံသူအဖြစ် မှတ်ယူထားပေမဲ့ ယူကရိန်းမှာ စစ်ပွဲတွေ ကြီးထွားလာတာနဲ့အမျှ အာရုံများပြီး လွန်ခဲ့တဲ့ ၂ နှစ်အတွင်း သူ့ရဲ့လွှမ်းမိုးမှုက ကျဆင်းသွားခဲ့ပါတယ်။
Source/Photo - Reuters