Home
နိုင်ငံတကာ
ဂါဇာတိုက်ပွဲတွင် အစ္စရေးစစ်သား အသေအပျောက် တိုးလာ  
DVB
·
December 14, 2023
Israeli soldiers operate in the Gaza Strip amid the ongoing conflict between Israel and the Palestinian Islamist group Hamas

အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ဒေသမှာ အင်အားများပြားတဲ့ တပ်ဖွဲ့တွေ စစ်ဆင်ရေး လုပ်ဆောင်နေတဲ့အဆင့်ကို ရောက်ရှိနေပြီး စစ်ဆင်ရေးတွေ ပိုကျယ်ပြန့်လာတာနဲ့အမျှ တိုက်ပွဲတွေများပြားလာပြီးတော့ ကံမကောင်းရင် စစ်သားတွေ ထိခိုက်မှုပို များလာလေပဲလို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီက ဒီဇင်ဘာ ၁၃ ရက်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အရင်နေ့က စစ်ရေးဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရချိန်မှာ စိတ်ထဲ လေးလံခဲ့ပေမဲ့ တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ အသေအပျောက်တွေရှိမှာကိုလည်း မျှော်လင့်ထားကြောင်း သူက ပြောပါတယ်။

အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင် အပျက်အစီးတွေထဲမှာ ချုံခိုတိုက်ခိုက်မှု လုပ်လာအပြီး အချိန်တလကျော်အတွင်း သူ့ရဲ့ အဆိုးရွားဆုံး တိုက်ပွဲတွင်းဆုံးရှုံးမှုကို ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့တာပါ။ 

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ရှေ့တန်းတပ်စခန်းကို အချိန်ပြည့် ကွပ်ကဲနေတဲ့ ဗိုလ်မှူးကြီးတဦးနဲ့ တပ်ရင်းကို ညွှန်ကြားပေးနေတဲ့ ဒုဗိုလ်မှူးကြီးတဦး အပါအဝင် အစ္စရေးစစ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပြီး ဒါဟာ အောက်တိုဘာ ၃၁ ရက်က စစ်သား ၁၅ ဦး ကျဆုံးပြီးနောက်ပိုင်း အဆိုးရွားဆုံး တရက်တာဆုံးရှုံးမှု ဖြစ်ပါတယ်။

“စစ်တပ်က ဂါဇာကမ်းမြောင် ဥမင်လိုဏ်ခေါင်းတွေကို ရေလျှံသွားအောင် ပင်လယ်ရေနဲ့ စလုပ်နေပြီလား” ဆိုတဲ့‌ မေးခွန်းအပေါ် ရေတပ်ဗိုလ်ချုပ်ကြီး ဟာဂါရီက “ကျနော်တို့ဟာ ဥမင်လိုဏ်ခေါင်းတွေကို ပျက်စီးစေဖို့အတွက် နည်းလမ်းမျိုးစုံ ဖန်တီးပြီး အသုံးပြုနေပါတယ်”လို့ ဖြေကြားသွားပါတယ်။ 

တချို့နည်းလမ်းတွေမှာ နည်းဗျူဟာဆိုင်ရာ လှုပ်ရှားမှုတွေ ပါဝင်နေပြီး အကြမ်းဖက်သမားတွေကို ဥမင်လိုဏ်ခေါင်းတွေရဲ့ အပြင်ဘက်ကို မဖြစ်မနေ ထွက်လာအောင် လုပ်တဲ့နည်းတွေကို သုံးတယ်လို့ ဆိုလိုကြောင်း ပြောပါတယ်။ 

ရေတပ်ဗိုလ်ချုပ်ကြီးဟာဂါရီက “ဥမင်လိုဏ်ခေါင်းတွေကို အပြီးတိုင် ဖျက်ဆီးပစ်လိုက်တဲ့ နည်းလမ်းတွေလည်း ရှိထားတယ်လို့ ဆိုပါတယ်။ နည်းလမ်းတွေကို ပိုသုံးလေ ပိုကောင်းလေ ဖြစ်ပေမဲ့ ကျနော်တို့က ဘယ်နေရာမှာ ဘယ်လိုနည်းလမ်းတွေ သုံးနေတယ်ဆိုတာကို ရန်သူကို သတင်းအချက်အလက် မပေးပါဘူး” လို့ ပြောပါတယ်။

ပါလက်စတိုင်းပိုင်နက်အတွင်း အရပ်သား သေဆုံးမှု များပြားလာတာနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးတွေ ပိုမိုဆိုးရွားလာတာကြောင့် အစ္စရေးဟာ သံတမန်ရေးအရ အထီးကျန်မှုကိုလည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024