ရေး-မော်လမြိုင်ကားလမ်းဘေးမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတခုဖြစ်တဲ့ မွန်ပြည်နယ် ရေးမြို့ အမှတ် ၅၈၆ တပ်ရင်းရှေ့ ဂိတ်ကို ဇန်နဝါရီ ၃၁ ရက် မနက် ၉ နာရီကျော်လောက်က အလစ်ငိုက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီးလူးအဖွဲ့က ပြောပါတယ်။
အဆိုပါ ပစ်ခတ်မှုမှာ စစ်သား ၂ ယောက် သေဆုံးခဲ့သလို ၂ ယောက် ပြင်းထန်ဒဏ်ရာတွေရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ရေးဘီးလူး တိုက်ခိုက်ရေးသမားတွေက ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။
အပြန်အလှန်ပစ်ခတ်နေတဲ့အချိန်မှာ ခရီးသွားယာဉ်ကားတွေမှာ ခေတ္တရပ်ဆိုင်းပြီး သွားအလာ မလုပ်ကြဘဲ ခရီးသွားပြည်သူတွေလည်း ထိခိုက်မှုမရှိကြဘူးလို့ မျက်မြင်ဒေသခံတွေ က ပြောပါတယ်။
အဆိုပါပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်ဖွဲ့က ခရီးသည်တင်ကားတွေနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးတာတွေပြုလုပ်ခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲပတ်သက်လို့ စစ်ကောင်စီတပ်ဘက်က သတင်းထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။