မလေးရှားနိုင်ငံထဲက သဘာဝ သစ်တောကြိုးဝိုင်းတခုထဲ တရားမဝင် မြေရှားသတ္တု တူးဖော်ရာမှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံသား ၄ ယောက် အပါအဝင် ၃၁ ယောက်ကို ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ မလေးရှားအခြေစိုက် ဘာနားမားသတင်းမှာ ဖော်ပြပါတယ်။
ဒီဖမ်းဆီးမှုမှာတော့ ပီရက်ခ်ခရိုင် သစ်တောဦးစီးဌာနရဲ့ ပူးပေါင်းမှုနဲ့ နေရာခွဲကာ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ ခရိုင်ရဲချုပ် မိုဟာမက် ယူဆရီ ဟာဆန် ဘာဆရီက ပြောပါတယ်။
ပြစ်မှုကျူးလွန်သူ ၂၈ ယောက်ကိုတော့ ဘင်တန် ဟိဂျောသစ်တောကြိုးဝိုင်းထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက် ညနေ ၃ နာရီခွဲလောက်မှာ အရင်ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာဖြစ်ပြီး နောက်ဆက်တွဲ ၃ ယောက်ကို နောက်နေ့တွေမှာထပ်မံဖမ်းဆီးရမိတာလို့ ဆိုပါတယ်။
“သူတို့ထဲက ၉ ယောက်ကတော့ မလေးရှားဒေသခံတွေဖြစ်ပြီး ကျန်တဲ့သူတွေက နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကျနော်တို့ သံသယရှိတဲ့ နိုင်ငံခြားသား ၂ ယောက်နဲ့ ဒေသခံ ၁ ယောက်အပါအဝင် ၃ ယောက်ကို နောက်ထပ်နေရာတွေမှာ ထပ်မံပြီးတော့ ဖမ်းဆီးနိုင်ခဲ့ပါတယ်”
ဖမ်းဆီးခံရသူတွေထဲမှာ အသက် ၂၃ နှစ်ကနေ ၆၉ နှစ်အထိ ပါဝင်နေပြီး တရုတ်နိုင်ငံသား အမျိုးသား ၁၆ ယောက်၊ မြန်မာနိုင်ငံသား အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၁ ယောက်နဲ့ ဗီယက်နမ်နိုင်ငံသား အမျိုးသမီး ၁ ယောက်စီ ပါဝင်တယ်လို့ မလေးရှားရဲက ပြောပါတယ်။
လတ်တလောမှာတော့ ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသားတွေ အားလုံးမှာ တရားဝင်စာရွက်စာတမ်းတွေ မရှိတာကြောင့် သူတို့ကို မလေးရှားရဲဌာနက ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၆(၁)(ဂ) အရ အမှုဖွင့်အရေးယူထားပြီးတော့ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ၁၉၅၉/၆၃ (အက် ဥပဒေ ၁၅၅) နဲ့လည်း အရေးယူ ဆောင်ရွက်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မလေးရှားနိုင်ငံ သစ်တောဦးစီးဌာနအနေနဲ့ အဆိုပါ ပြစ်မှုကျူးလွန်သူတွေကို ၁၉၈၄ ခုနှစ် အမျိုးသားသစ်တောအက်ဥပဒေ (အက်ဥပဒေ ၃၁၃) အရ သီးခြားပြစ်မှုတွေနဲ့လည်း တရားစွဲဆိုသွားမယ်လို့ ဆိုပါတယ်။
Source : Bernama