စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ဝန်ကြီးဟောင်း အပါအဝင် ပုဂ္ဂိုလ် ၄ ဦးနဲ့ စစ်လက်နက် ထောက်ပံ့နေတဲ့ ကုမ္ပဏီ ၂ ခု အပေါ် ဥရောပသမဂ္ဂ(အီးယူ)က အရေးယူဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့အပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကြိုဆိုလိုက်ပါတယ်။
ဒီပိတ်ဆို့မှုကိုတော့ ဒီဇင်ဘာ ၁၁ ရက်စွဲနဲ့ အီးယူက ထုတ်ပြန်ထားတာဖြစ်ပြီး အဲဒီထဲမှာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်လုပ်ဆောင်နေတဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဟောင်း ဦးဝဏ္ဏမောင်လွင်၊ စစ်ကောင်စီအဖွဲ့ဝင် စစ်ခေါင်းဆောင် အကြံပေး ဒုဗိုလ်ချုပ်ကြီးညိုစောနဲ့ ဒေါက်တာ မှုထန်၊ ကရင်နီပြည်နယ်ထဲမှာ လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ တာဝန်ရှိတဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုးတို့အပြင် စစ်တပ်ကို စစ်လက်နက်နဲ့ တခြားပစ္စည်းတွေ ပံ့ပိုးပေးနေတဲ့ Star Sapphire ကုမ္ပဏီအုပ်စု နဲ့ Royal Shune Lei ကုမ္ပဏီတို့ ပါဝင်နေတာပါ။
စစ်ကောင်စီတပ်ဟာ ခွဲခြားမှုမရှိတဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေတဲ့အတွက် ကမ္ဘာ့ နိုင်ငံများစွာက အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကို တိုးမြှင့် ချမှတ်ပေးဖို့ လိုအပ်နေတယ်လို့ CRPH ရဲ့ ဒီဇင်ဘာ ၁၃ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်၊၊
တချိန်တည်းမှာ စစ်ကောင်စီ လုံခြုံရေး တပ်သားတွေရဲ့ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ မြန်မာပြည်သူတွေဆီ အရေးတကြီးလိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူ အညီတွေကို ထိထိရောက်ရောက် ပေးအပ်နိုင်ရေးအတွက်လည်း နည်းလမ်းသစ်တွေနဲ့ ကူညီပေးဖို့ လိုအပ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီဆီ လေယာဉ်ဆီ တင်ပို့ရောင်းချမှု တားမြစ်ပိတ်ပင်နိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ပူးပေါင်းပါဝင်လာစေဖို့လည်း ဥရောပသမဂ္ဂအနေနဲ့ အထူး အလေးထား ကြိုးပမ်းပေးဖို့လည်း CRPH က တိုက်တွန်းတောင်းဆိုထားပါတယ်။
တရားမဝင် စစ်အာဏာသိမ်းမှု အဆုံးသတ်ရေးနဲ့ စစ်ကောင်စီကို အမြန်ဆုံးဖယ်ရှားနိုင်ရေးဟာ အရေးတကြီးလိုအပ်နေပြီး နိုင်ငံတကာအသိုက်အဝန်းရဲ့ လက်တွေ့ကျပြီး ထိရောက်တဲ့ အကူအညီတွေ လိုအပ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် ခုချိန်မှာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေး ကြိုးပမ်းမှု တွေကို တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် အရပ်သားအုပ်ချုပ်ရေးစနစ် ပိုမိုခိုင်မာအား ကောင်းလာစေဖို့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီအင်အားစုတွေကို ငွေကြေးနဲ့ နည်းပညာအကူအညီတွေ တိုးမြှင့်ပေးအပ်ဖို့လည်း အီးယူအဖွဲ့ဝင်တွေနဲ့ ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။