ထိုင်း-မြန်မာနယ်စပ် ကန်ကျနပူရီခရိုင် ထောင်းဖာဖုမ်းမြို့နယ်ထဲမှာ ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းက အမှိုက်ကား တစီးပေါ်ကနေ စိတ်ကြွဆေးပြား အရေအတွက် သန်း ၅၀ လောက် ဖမ်းဆီးရမိတယ်လို့ ခရိုင်အာဏာပိုင်က ပြောပါတယ်။
ထိုင်းနယ်ခြားစောင့်တပ်၊ နယ်မြေခံရဲ ၊ လဝကရဲ ၊ မူးယစ်ရဲနဲ့ မြို့နယ်လုံခြုံရေးစတဲ့ အဖွဲ့ပေါင်းစုံက ဝန်ထမ်းတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မနေ့ ညနေ ၃ နာရီကျော်လောက်က ထောင်းဖာဖုမ်းမြို့ ထာ့ခနွန်ရပ်ကွက်ရှိ ထောင်းဖာဖုမ်းမီးပွိုင့်အနီးမှာ ယာဉ်အသွားအလာတွေ စောင့်ကြပ်စစ်ဆေးနေ စဉ်စွန့်ပစ်အဟောင်းပစ္စည်းတွေအပြည့် တင်ဆောင်လာတဲ့ အီဇူးဇူးတံဆိပ် ၆ ဘီးကား ၁ စီးကိုပါ တားဆီးစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ကားပေါ်မှာ ယာဉ်မောင်း နိုင်းပိတိဖန်းနဲ့ သူ့ဇနီး နန်းဆောင်ဖွန်းဆီရီတို့ လိုက်ပါလာပြီး ကားသမားက မူးကြောင်ကြောင်ဖြစ်နေတာကြောင့် တာဝန်ရှိသူတွေက ဆီးစစ်ခဲ့ရာမှာ ခရမ်းရောင်ဖြစ်နေတာကြောင့် မူးယစ်ဆေးသုံးစွဲထားတာကို သိရှိခဲ့ပြီး ကားပေါ်တင်လာတဲ့ ပစ္စည်းတွေပါ ဆက်လက်စစ်ဆေးခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
ယာဉ်မောင်းက သူတို့ဟာ စွန့်ပစ်ပစ္စည်းဟောင်းတွေ ပြန်ရောင်းဖို့ ရပ်ရွာထဲလှည့်လည်ဝယ်ယူ စုဆောင်းနေတာလို့ ပြောကြောင်း၊ တာဝန်ရှိသူတွေက ဘူးခွံ၊ ပုလင်းခွံတွေပါတဲ့ အထုပ်တွေကို ဖယ်ကြည့်ရာမှာ အောက်မှာ မြွေရေခွံအိတ်တွေထဲ ထည့်လာတဲ့ စိတ်ကြွဆေးတွေ တွေ့ရှိကြောင်း နဲ့ မူးယစ်ဆေးပြားအရေအတွက် စုစုပေါင်း သန်းပေါင်း ၅၀ ရှိပြီး ဒါဟာ ကန်ကျနပူရီရဲ့ သမိုင်းမှာ ပမာဏအများဆုံး ဖမ်းဆီးရရှိတာဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ စိတ်ကြွဆေးတွေဟာ အိမ်နီးချင်း မြန်မာနိုင်ငံဘက်က ဝင်လာတယ်လို့ ယူဆရပြီး မူးယစ်ဆေး သယ်ဆောင်လာရာနေရာနဲ့ ကွင်းဆက်တွေ ဆက်လက်စစ်ဆေးဖို့ ယာဉ်မောင်းတို့ ဇနီးမောင်နှံကို ဖမ်းဆီးထားတယ်လို့ ကန်ကျနပူရီခရိုင် မူးယစ်ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
Source: PPTV