တူရကီထိပ်တန်းလိဂ်ပွဲစဉ်မှာ ကွင်းလယ်ဒိုင်လူကြီးကို ကွင်းထဲဝင်ပြီး လက်သီးနဲ့ ထိုးကြိတ်ခဲ့တဲ့ အသင်းပိုင်ရှင်ကို တူရကီသမ္မတအပါအဝင်ဘောလုံးတာဝန်ရှိသူတွေက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်က ကစားခဲ့တဲ့ တူရကီလိဂ်ပွဲစဉ်မှာ အိမ်ရှင် အန်ကာရာဂူကူအသင်းဟာ ပွဲပြီးခါနီးမှာ ပေးလိုက်ရတဲ့ ဂိုးကြောင့် ရီဇစ်စပေါ် အသင်းနဲ့ တစ်ဂိုးစီသရေကျခဲ့တာပါ။
အဲဒီပွဲစဉ် အပြီးမှာ အန်ကာရာဂူကူအသင်းပိုင်ရှင်ဖြစ်သူ ဖာရုကိုကာက ကွင်းထဲဝင်ပြီး ကွင်းလယ်ဒိုင် ဟယ်လီအူမွတ်ကို လက်သီးနဲ့ ထိုးခဲ့သလို ခြေထောက်နဲ့လည်း ဦးခေါင်းကို ကန်ခဲ့တာပါ။
အဲဒီဖြစ်ရပ်အပေါ် လုံးဝလက်ခံနိုင်စရာမရှိကြောင်းနဲ့ အားကစားက ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရေးအဓိပ္ပါယ်ဖြစ်ကြောင်း တူရကီသမ္မတ အာဒိုဂမ်က ပြောပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အင်ဖက်တီနိုကလည်း ဒီဖြစ်စဉ် အပေါ်ရှုတ်ချခဲ့ပြီး ဒိုင်တွေအပေါ် အကာအကွယ်ပေးဖို့နဲ့ လက်မခံနိုင်စရာဖြစ်ရပ်အတွက် အရေးယူဖို့ တိုက်တွန်းခဲ့ပါတယ်။
တူရကီဘောလုံးအဖွဲ့ချုပ်ကတော့ တူရကီဘောလုံးလောကရဲ့ အရှက်စရာ ဖြစ်ရပ်ဖြစ်ပြီး အရေးယူသွားမယ်လို့ ပြောပါတယ်။
တဆက်တည်းမှာပဲ တူရကီလိဂ်ပွဲစဉ် အားလုံးကို ရပ်ဆိုင်းထားပြီး ကျူးလွန်ခဲ့သူ အသင်းပိုင်ရှင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။
Source/Photo - Reuters