ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းမြောက်ရပ်ကွက်၊ ကြံခင်းလမ်းမှာ ဒီဇင်ဘာလ ၁၂ ရက် နေ့လယ်ပိုင်းက Level 1 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။
မီးလောင်မှုကို နေ့လယ် ၁ နာရီလောက်မှာ သိရှိခဲ့တာကြောင့် အနောက်ပိုင်းခရိုင်နဲ့ စမ်းချောင်းမြို့နယ်က မီးသတ်ကားတွေ မီးငြှိမ်းသတ်ခဲ့ကြပြီး အရပ်ဖက်အသင်းအဖွဲ့တွေလည်း ထွက်ခွာငြှိမ်းသတ်ခဲ့ကြပါတယ်။
၆ ထပ်တိုက်ရဲ့ ၄ လွှာရှိ ညာဘက်အခန်းကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်မှုဖြစ်ပွားချိန်မှာ တိုက်ခန်းအတွင်း လူရှိမနေဘူးလို့ သိရပါတယ်။
စမ်းချောင်းအရန်မီးသတ်(ရဲသူရိန်)မှ တာဝန်ရှိသူတဦးက “တိုက်ခန်း ၄ လွှာမှာ လောင်တာပါ။ အတွင်းအခန်းတွေ အားလုံးလောင်သွားတယ်။ မီးလောင်ချိန် အိမ်ရှင်တွေ မရှိကြဘူး။ အခန်းထဲမှာ လှောင်အိမ်နဲ့ မွေးထားတဲ့ ကြောင်လေးကောင်တော့ မီးလောင်သေသွားပါတယ်”လို့ ပြောပါတယ်။
လျှပ်စစ်မီးပြတ်နေချိန် ပန်ကာဖွင့်ထားခဲ့ရာမှ လျှပ်စစ်မီးပြန်လာချိန်မှာ ဝါယာရှော့ဖြစ် မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် တိုက်ခန်းအတွင်းရှိ ပရိဘောဂအသုံးအဆောင်တွေနဲ့ အခန်းအတွင်းရှိ ပစ္စည်းအားလုံး ပျက်စီးသွားပါတယ်။
မီးတောက်အားကောင်းလာတာကြောင့် နေ့လယ် ၁နာရီ ၇ မိနစ်လောက်မှာ Level 1 မီးငြှိမ်းသတ်ယာဉ်အုပ်စုတွေနဲ့ လာရောက်ငြှိမ်းသတ်ခဲ့ကြပြီး နေ့လယ် ၁နာရီ ၁၃ မိနစ်မှာ မီးထိန်းနိုင်ကာ ၁ နာရီ မိနစ် ၂၀ လောက်မှာ မီးငြိမ်းသွားပါတယ်။
မီးလောင်ပျက်စီးမှု တန်ဖိုးအသေးစိတ်ကို စမ်းချောင်းမြို့နယ်မီးသတ်က စစ်ဆေးတွက်ချက်နေဆဲ ဖြစ်ပြီး ဒီဇင်ဘာလ ၁၁ ရက် ညပိုင်းကလည်း သာကေတမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ရွှေအုတ်ဂူ (၆) လမ်းမှာ လူနေအိမ် မီးလောင်ခဲ့ပါတယ်။